ရန်ကုန် ဒီဇင်ဘာ ၁
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် ပူးပေါင်း၍ ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်းသည့် ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံး Conference Room ၌ Hybrid System ဖြင့်ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမသန် စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မရှင်ရုံးညွှန်ကြား ရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအခြေအနေ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ပေါ်ပေါက်လာရခြင်း ကုလသမဂ္ဂ၏ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံပါဝင်မှု၊ မြန်မာနိုင်ငံအတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပြဋ္ဌာန်းပေးထားမှုနှင့် မသန် စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုလုပ်ငန်းများ ဆောင်ရွက်မှု၊ “မသန် သော်လည်း စွမ်းပါသည်” ဆိုသည့်အတိုင်း စွမ်းဆောင်နိုင်ခဲ့သူများအပေါ် နိုင်ငံတော်အပိုင်းမှ အားပေးဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူ၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်အောင်သန်းလွင်နှင့် အတွင်းရေးမှူး ဒေါ်ချောစုလှိုင်တို့က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အာဆီယံ အထောက်အကူပြု မဟာဗျူဟာစီမံချက် ၂၀၂၅ ပါ အခွင့်အရေးများနှင့် ပြဋ္ဌာန်းချက်များ၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်တွေ့ဘဝအတွေ့အကြုံ များကို ဆွေးနွေးဟောပြောသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင် ဒေါက်တာ သန်းမြင့်တို့သည် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)