နေပြည်တော် ဒီဇင်ဘာ ၁

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့်အတူ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)တွင် သင်တန်းကျောင်းမှ ဝန်ထမ်းများ၊ အရည်အသွေး ထိန်းသိမ်း ရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)မှ ကျောင်းအုပ်ကြီးနှင့် အရည်အသွေးထိန်း သိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ တာဝန်ခံများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)အနေဖြင့် တိုးတက်မြင့်မားလာသော နည်းပညာအချက်အလက်များကို မျက်ခြေမပြတ်စေဘဲ ခေတ်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်ပေးနိုင်ရေး စဉ်ဆက်မပြတ် လေ့လာ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲများ အနေဖြင့် တစ်နိုင်ငံလုံးရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် များစွာအရေးပါသောကြောင့် ဌာနတာဝန်ရှိသူများအနေဖြင့် စနစ်တကျစစ်ဆေးဆောင်ရွက်ကြရန်နှင့် ISO အသိအမှတ်ပြု လက်မှတ်ရရှိပြီးသောဌာနဖြစ်၍ လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ခေတ်နှင့်အညီ ဖြည့်တင်းပေးနိုင်ရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး၍ ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုကြရန်နှင့် လုပ်ငန်းခွင်အရည်အသွေး ထိန်းသိမ်းရေးအတွက် အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုသွားကြရမည် ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ သတင်းပို့တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ပေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇ ထပ်) ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ  တာဝန်ရှိသူများက မြို့ပြ/ရေသန့်/လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများ လျာထားချက် အတိုင်း ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆေးရုံအဆောက်အဦ ဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် စိစစ်ဆောင်ရွက်ပေးသွားရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများ အား မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)