နေပြည်တော် ဒီဇင်ဘာ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် အောင်မြေသာဇံမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း(နန်းတွင်း)၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းနှင့် မန္တလေးပညာရေးဒီဂရီကောလိပ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝတိုးတက် အောင်မြင်ရေးအတွက် ပညာကိုကြိုးစားသင်ယူရမည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမများဆုံးမ သင်ကြား သည့်အတိုင်း ကြိုးစားလိုက်နာကြစေလိုကြောင်း ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ်သို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးကာ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်တတ်မြောက်အောင် စေတနာထား၍ သင်ကြားပေးရေး၊ တစ်ဦးနှင့် တစ်ဦးအပြန်အလှန် လေးစားတန်ဖိုးထားဆက်ဆံကာ မိမိတို့တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း လက်တွဲဆောင်ရွက်ရေး၊ တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေး တိုးတက်ကောင်း မွန်အောင်ကြိုးစား ဆောင်ရွက်ရေး၊ ကျောင်းသန့်ရှင်းသာယာရေး၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများကို စာမေးပွဲလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ရေး၊ ဇန်နဝါရီလတွင် နေပြည်တော်၌ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲတွင် တန်ဖိုးရှိသည့် သုတေသနစာတမ်းများ ပါဝင်ဖတ်ကြားရေးတို့ကို ဆွေးနွေးပြောကြားကာ တက္ကသိုလ်အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)