နေပြည်တော် ဒီဇင်ဘာ ၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ် ၅ သစ်တောသုတေသနစခန်း၊ မိုးစွေသို့ သွားရောက်၍ ဆောင်းရာသီ တောတွင်းလက်တွေ့ကွင်းဆင်းခြင်း ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ သစ်တောကျောင်း၊ ပြင်ဦးလွင်မြို့၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် ၁၁၇ မှ သင်တန်းသားများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသစ်တောကျောင်းသည်  ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တော ပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု ၁၂၅ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် သစ်တော အမှုထမ်းကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့အထိ ၆၅၀၉ ဦး ရှိပြီဖြစ်ကြောင်း၊ အမှတ်စဉ် ၁၁၇ တွင် သင်တန်းသား ၁၀၆ ဦးကို အခြေခံသစ်တောပညာ ဘာသာရပ် ၁၅ မျိုး သင်ကြားပို့ချလျက်ရှိကြောင်း၊ ယခုကဲ့သို့ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းဖြင့် သစ်တောလုပ်ငန်းများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျ ကျွမ်းကျင် တတ်မြောက်စေရန်၊ လုပ်ငန်းခွင်တွင် ကိုယ်တိုင်ဦးဆောင်၍ အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်နှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ဝီရိယ၊ ပညာ၊ ဇွဲ ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း၊ သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး မိမိတို့တာဝန်ကျရာ နယ်ပယ်အသီးသီးရှိ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ သွားကြရန် တိုက်တွန်းမှာကြားပြီး သင်တန်းသားများ၏ အိပ်ဆောင်စခန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောသုတေသနစခန်း ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားသော  ပျိုးပင် ၃၀,၀၀၀ ကျော် ထိန်းသိမ်းထားမှုနှင့် ကြိုတင်ပျိုးထောင်ခြင်း ဆောင်ရွက်လျက်ရှိသော ပျိုးပင် ၃၀,၀၀၀ တို့၏ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောစိုက်ခင်းများအတွက် လိုအပ်သော မျိုးကောင်း မျိုးသန့်အပင်များ ရရှိနိုင်စေရန်ရည်ရွယ်၍ တည်ထောင်ထားသော ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၇၂ ရှိ ခန္ဓာပိုင်းမျိုးပွားဥယျာဉ် - Hedge Garden ကြည့်ရှုရာ တာဝန်ရှိသူများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ တမလန်း သစ်မျိုးများအား ခန္ဓာပိုင်းမျိုးပွားနည်းစနစ်ဖြင့် မျိုးပွားယူမှုအဆင့်ဆင့်နှင့် ရေငွေ့ထိန်းခန်းအတွင်း ပျိုးထောင်ဆောင်ရွက်ထားရှိမှု အခြေအနေကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကွဲပြားခြားနားသော ကျွန်းမျိုးရိုးဗီဇများ ထိန်းသိမ်းရန်အတွက် ကျွန်းပေါက်ရောက်ရာ ဒေသ ၄ ခုမှ ကျွန်းမျိုးများဖြင့် တည်ထောင်ထားသော ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၇ ရှိ ကျွန်းမျိုးရိုးဗီဇ ထိန်းသိမ်းရေးစိုက်ခင်း ၁၆ ဧကသို့ သွားရောက်၍ ဒေသအလိုက် ကျွန်းမျိုးသန့်များဖြင့် စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးခဲ့ပြီး ယခု ပျမ်းမျှ အမြင့် ၃ ပေ ၈ လက်မရှိပြီဖြစ်သော ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၇ အတွင်းရှိ ၁/၂၀၂၃ စီးပွားရေး ကျွန်းစိုက်ခင်း ဧက ၁၀၀ ၏ အောင်မြင်မှု အခြေအနေကို လှည်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၁၇ ရှိ ပျမ်းမျှအမြင့် ၅ ပေ ၂ လက်မ ရှိပြီဖြစ်သော ၁/၂၀၂၂ စီးပွားရေး ကျွန်းစိုက်ခင်း၏ ရှင်သန်အောင်မြင်မှု၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ သင်တန်းသားများ၏ စိုက်ခင်းမီးတားလမ်းဖောက်လုပ်ခြင်း၊ စစ်ဆေးရေးလမ်း ဖောက်လုပ်ခြင်း၊ အကွက်နယ်နိမိတ် တိုင်းတာခြင်းနှင့် စိုက်ခင်းနှင့် အကွက်နယ်နိမိတ် ဘုတ်တိုင်စိုက်ထူခြင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ငလိုက်ဆည် ရေဝေရေလဲဒေသများ ထိန်းသိမ်းရန် ရည်ရွယ်စိုက်ပျိုးထားသော ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၇၇ အတွင်းရှိ ၂/ ၂၀၂၃ ရေဝေရေလဲ စိုက်ခင်း ဧက၅၀ သို့ သွားရောက်၍ စိုက်ခင်းရေသွင်းစိုက်ပျိုးခဲ့မှုနှင့် ရှင်သန်အောင်မြင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်