နေပြည်တော်၊ ဒီဇင်ဘာ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများကို နည်းပညာများ အသိပညာများ မြှင့်တင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲနှင့် ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာနများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲကို ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်း သင်တန်းသား သင်တန်းသူများအား သင်တန်းခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားပြီး သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ စားရိပ်သာနှင့် သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ (ပဲခူးမြို့) တွင် ယနေ့အထိ သင်တန်း ၄၉၅ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ (၁၈၅၅၀)၊ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ (ပုသိမ်ကြီးမြို့) တွင် သင်တန်း ၁၄၇ ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူများ (၆၃၃၂) ဦးကို စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပို့ချပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးဌာန (CARTC) ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စီမံခန့်ခွဲရေး၊ ငွေကြေးနှင့် စာရင်းအင်း သင်တန်းတက်ရောက် သင်ယူလေ့လာခဲ့ကြသည့် သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များပေးအပ်၍ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးဌာန (CARTC) တွင် ယနေ့အထိ သင်တန်း ၁၂၁၂ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူများ (၅၂၀၈၅) ဦးကို ပို့ချဆွေးနွေးလေ့ကျင့် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးဌာနရှိ မျိုးစေ့၊ မြေဆီလွှာ နှင့် သီးနှံပိုးမွှားဆိုင်ရာ ဓါတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) သို့ရောက်ရှိရာ တာဝန်ရှိသူများက မျိုးကောင်းမျိုးသန့် ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် သစ်သီးဝလံ ပျိုးပင်များထုတ်လုပ် ဖြန့်ဖြူးပေးနေမှု၊ တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု၊ သီးနှံထွက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် GAP နှင့် အော်ဂဲနစ် စိုက်ပျိုးရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက GAP နှင့် အော်ဂဲနစ် စိုက်ပျိုးရေးစနစ် ကျင့်သုံးလုပ်ကိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးလာရေး အားပေး မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံ မျိုးစေ့ထုတ်စိုက်ခင်းများနှင့် သုတေသန စိုက်ခင်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်