နေပြည်တော်၊ ဒီဇင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မန္တလေးသို့ ရောက်ရှိပြီး ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ရှိ သွားနှင့် ခံတွင်းလူနာများ နေ့စဉ်ကုသပေးလျက်ရှိသော ဌာနများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် Smart Practice Room များ၊ Digital Dentistry Lab, Scanning Electron Microscope Room, Molecular Lab, Histopathology Lab များ၊ တက္ကသိုလ် စာကြည့်တိုက်နှင့် ကုတင် (၅၀) ဆန့် ခံတွင်း၊ မျက်နှာ၊ မေးရိုး ခွဲစိတ်ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ခံများက ရှင်းလင်းပြသပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ အရိုးရောဂါအထူးကု ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးရုံကြီးရှိ လူနာကုသဆောင်များသို့ လှည့်လည်ကြည့်ရှု၍ ဆေးရုံတက် လူနာများကို ကြည့်ရှုအားပေးစကား ပြောကြားသည်။
ထို့နောက် အသစ်ဖွင့်လှစ်မည့် တိုးချဲ့ (၄) ထပ် လူနာကုသဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အကြောအဆစ် အထူးကုဌာန၊ ဓါတ်ခွဲဌာန၊ ဓါတ်မှန်ဌာနတို့ကို လှည့်လည်ကြည့်ရှုပြီး ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ၊ အရိုးရောဂါပညာဌာနမှ အထူးကုဆရာဝန်ကြီးများ၊ ဌာနတာဝန်ခံများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်