နေပြည်တော်၊ ဒီဇင်ဘာ ၃
နိုင်ငံတော်အတွင်း စပါးခွံလောင်စာသုံး Gasifier များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများတွင် နည်းပညာများ အဆင့်မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးထိခိုက်မှုမရှိအောင် နည်းစနစ်တကျ အသုံးပြုနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းကာ လုပ်ငန်းစဥ်များကိုချမှတ်၍ သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာ ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်သို့ရောက်ရှိကာ ခိုင်ရတနာ (၂) ဆန်စက်၌လည်းကောင်း၊ အိမ်မဲမြို့နယ်ရှိ ဓနဗလဆန်စက်၌လည်းကောင်း၊ အောင်သီဟဇော် ဆန်စက်၌လည်းကောင်း စပါးခွံလောင်စာသုံး Gasifier စက်ရုံရှိ လောင်စာများ သိုလှောင်မှုနှင့် ဖြည့်သွင်းမှု အခြေအနေများ၊ Reactor အလုပ် လုပ်မှုအခြေအနေများ၊ အင်ဂျင်၊ လျှပ်ထုတ်စက်နှင့် အခြားစက်ပစ္စည်းများ တပ်ဆင်သုံးစွဲထားမှု၊ ဓာတ်ငွေ့သန့်စင်စနစ် တပ်ဆင်သုံးစွဲမှု၊ ရေဆိုးစစ်ကန်တည်ဆောက်သုံးစွဲမှုနှင့် စွန့်ပစ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှု့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်များမှ စွမ်းရည်မြှင့်တင် ထုတ်ယူနိုင်ရန်ခေတ်မီ နည်းပညာများကို စနစ်တကျ ရွေးချယ်အသုံးပြုနိုင်ရေးဆိုင်ရာအချက်များ၊ Filterများ နှင့် ရေဆိုးစစ်ကန်တို့ရှိ နည်းပညာဆိုင်ရာ လိုအပ်ချက်များ၊ Gasifier လည်ပတ်မောင်းနှင်ပီး တိုင်းထွက်ရှိလာသော ကတရာ (Tar)၊ ဖွဲပြာ (Main Ash) နှင့် အနည်အနှစ် (Sludge) စသည်များကို စွန့်ပစ်ပစည်း ပြန်လည်အသုံးချရေး စီမံခန့်ခွဲမစနစ်ထားရှိ၍ အကျိုးရှိရှိ သုံးစွဲမှု ဖြစ်အောင်ဆောင်ရွက်မှုဆိုင်ရာအချက်များ၊ ပြည်သူများ၏ ကျန်းမာရေး၊ ရေ၊ မြေ၊ လေ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများကို ဆိုးကျိုးထိခိုက်မှု လျှော့ချပပျောက်စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ပိုမိုကောင်းမွန်သော Gasifier စက်ရုံတစ်ခုကို စနစ်တကျ အသုံးပြုနိုင်ရန် လိုအပ် ချက်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ရုံပိုင်ရှင်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ ကျင်းပသော စပါးခွံလောင်စာသုံး Gasifier စက်ရုံတပ်ဆင်သုံးစွဲသူများ လိုက်နာရမည့် Standard Operating Procedure (SOP) မူကြမ်းဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲ၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးက တက်ရောက်လာသော Gasifier စက်ရုံပိုင်ရှင်များကို Gasifier ဆိုင်ရာ အခြေခံ နည်းပညာများနှင့် SOP မူကြမ်းတို့ကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ် (ပုသိမ်) နှင့် နည်းပညာတက္ကသိုလ် (ဟင်္သတ) တို့မှ ပါမောက္ခများက ရေဆိုးစစ်ကန်ဆိုင်ရာ သုတေသနဆောင်ရွက်မှု၊ ရရှိလာသော သုတေသနရလဒ်များနှင့် ဆက်လက်သုတေသနပြုဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်