ရန်ကုန် ဒီဇင်ဘာ ၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ်၌ သာသနိက အဆောက်အဦများ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများနှင့် ဆဋ္ဌသင်္ဂါယနာတင် သမိုင်းဝင်မဟာသိမ်တော်ကြီးနှင့် သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ၊ ကမ္ဘာအေးစာပုံနှိပ်တိုက်နှင့် ကျမ်းစာအုပ် အရောင်းဆိုင်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ် ဟံသာသီရိကုန်းမြေရှိ ရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနမှ တိုင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးကိုကိုအေးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားကာ ဆရာတော်ကြီးများ သီတင်းသုံး တည်းခိုဆောင်များဖြစ်သည့် ရွှေဟင်္သာ ကျောင်းဆောင်၊ ဦးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင်ကျောင်းဆောင်၊ ကပ္ပိယကျောင်းဆောင်၊ ဟံသာသီရိကုန်းမြေ မြေပြုပြင်ခြင်းနှင့် မြေယာရှုခင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ၏ ဘွဲ့နှင်းသိမ်ဓမ္မာရုံ အမိုးအသစ်လဲလှယ်ခြင်း၊ မျက်နှာကျက်အသစ် လဲလှယ်ခြင်း၊ အတွင်းအပြင် ဆေးသုတ်ခြင်း၊ လျှပ်စစ်မီးကြိုးများ အသစ်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ပရိဝုဏ်အတွင်း စိုက်ပျိုးသွားမည့် မန်ကျည်းပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး ပျိုးသက်တစ်နှစ်အထက် အမြင့် ၃ ပေခန့်ရှိမှသာ စိုက်ပျိုးသွားရန်၊ ကျယ်ပြန့်သော ကမ္ဘာအေးကုန်းမြေတွင် လစ်လပ်သောနေရာများ၌ စားပင်သီးနှံ အရိပ်ရပင်အဖြစ် စိုက်ပျိုးသွား ရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲကို လည်းကောင်း၊ ပိဋကတ်ကျမ်းစာအုပ် အရောင်းဆိုင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီး ဌာနမှ ရိုက်နှိပ်ထားသော စာအုပ်များကို ပြတ်လပ်မှုမရှိအောင် စဉ်ဆက်မပြတ် ထားရှိရောင်းချနိုင်ရေး၊ စာအုပ်ဈေးနှုန်းမှာလည်း အမြတ်ရရှိရေးထက် ဘာသာ သာသနာ ပြန့်ပွားရေးကိုသာ ဦးတည်ဆောင်ရွက်ရေး၊ ကျမ်းစာအုပ်များစုံလင်စွာ ရောင်းချနိုင်ရေးနှင့် ဝန်ထမ်းများ ဝန်ဆောင်မှုပိုင်းတွင် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်