မောင်ငြိမ်းသူ (ကြို့ပင်ကောက်)
စာသင်ကျောင်းကို ရောက်ရောက်ချင်း
ကျောင်းသန့်ရှင်းရေးလုပ်ပါတယ်။
တပည့်တွေဆို မခိုမကပ်
အလှည့်ကျ သောက်ရေခပ်ပါတယ်။
ကျောင်းတက်ချိန်မှာ သင်ယူမှတ်သားလို့
ကျောင်းနားချိန်မှာ ကစားပါတယ်။
ကျောင်းအားခိုက်မှာ စာကြည့်တိုက်သွားလို့
မှတ်ရှုဖတ်သား ဆည်းပူးတယ်။
ကျောင်းဆင်းချိန်မှာ ကျောင်းစိုက်ခင်းကို
ရေလောင်းပေါင်းသင် မြက်ရှင်းတယ်။
မိဘဆရာ ရပ်ရွာကိစ္စ
ပရဟိတလည်း ဆောင်ရွက်တယ်။
စာသင်ကျောင်းမှ ရပ်ရွာထိ
ပြည်သူ့နီတိ သိရှိလိုက်နာမယ်။
တစ်ပြည်လုံးရယ်... ညီစို့ကွယ်။ ။
မောင်ကျေးဇူး (ကျောင်းသားလူငယ်နှင့် ပြည်သူ့နီတိ)
နိုင်ငံအနှံ့အပြားတွင် “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ” ကို တက်ကြွစွာ ကျင်းပနေကြလေရာ မင်္ဂလာရှိလှပါပေသည်။
လူငယ်အသိပညာပေး ဟောပြောပွဲများတွင် လူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်ပြည့်ဝရေး၊ စာရိတ္တကောင်းမွန်ရေး၊ ပြည်သူ့နီတိကျင့်ဝတ်နှင့် စံနှုန်းများကို လေးစားလိုက်နာသည့် နိုင်ငံ့သားကောင်းရတနာများ ပေါ်ပေါက်ရေး အကြောင်းခြင်းရာများ ပါရှိကြပါသည်။
ထိုသို့သောအကြောင်းခြင်းရာများပါရှိခြင်းမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃ ပါ ပြဋ္ဌာန်းချက်အရဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ တွင် “နိုင်ငံတော်သည် လူငယ်များကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်” ဟူသော နိုင်ငံတော်အခြေခံမူကို ပြဋ္ဌာန်းထားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကလည်း ဦးတည်ချက် (၉) ရပ်ချမှတ်ထားရာ လူမှုရေးဦးတည်ချက်ထဲတွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်ကိုချမှတ်ပြီး လက်တွေ့ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့အကောင်အထည် ဖော်ဆောင်လျက်ရှိရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာ ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခဲ့ပြီး လူငယ်ရေးရာမူဝါဒကို ၂ဝ၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။
အဆိုပါလူငယ်ရေးရာမူဝါဒနှင့်အညီ လက်တွေ့ဆောင်ရွက်သွား နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိက ကဏ္ဍ (၁၆) ရပ်ကို ချမှတ်ခဲ့ပါသည်။
၎င်း (၁၆) ရပ်မှာ (၁) ပညာရေးကဏ္ဍ၊ (၂) ကျန်းမာရေးဏ္ဍ၊ (၃) မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်ကဏ္ဍ၊ (၄) အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ၊ (၅) အလုပ်အကိုင်အခွင့်အလမ်း ကဏ္ဍ၊ (၆) စီးပွားရေးကဏ္ဍ၊ (၇) နိုင်ငံရေးကဏ္ဍ၊ (၈)စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ၊ (၉) သုတေသနကဏ္ဍ၊ (၁ဝ) သိပ္ပံနှင့်နည်းပညာ ကဏ္ဍ၊ (၁၁) ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကဏ္ဍ၊ (၁၂) သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ (၁၃) ငြိမ်းချမ်း ရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ၊ (၁၄) ကျား/မ ညီမျှမှုကဏ္ဍ၊ (၁၅) လူ့အခွင့် အရေးကဏ္ဍနှင့် (၁၆) နိုင်ငံတကာဆက်ဆံရေးကဏ္ဍတို့ ဖြစ်ကြပါသည်။
လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ (၁၆) ရပ်အနက် “ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုကဏ္ဍ”သည် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသောအခြေခံအကြောင်းတရား ဖြစ်ပါသည်။
ပြည်သူ့နီတိ
“နီတိ” ၏ လိုရင်းအဓိပ္ပာယ်မှာ “လမ်းညွှန်ခြင်း၊ ဆောင်ခြင်း”ပင် ဖြစ်သည်။ ကောင်းမွန်သည်ကို လမ်းညွှန်ပြီး အကျိုးစီးပွားကိုဆောင်ခြင်း သည် “နီတိ” ပင်ဖြစ်သည်။
“လောကဿ ဟိတံ နေတီတိ နိတိ”
လောကဿ = လောကကြီး၏(တစ်နည်းအားဖြင့်) လူအများ၊ ပြည်သူအများ၏။
ဟိတံ = အကျိုးစီးပွားကို။
နေတီတိ = ရွက်ဆောင်တတ်၏။
ဣတိ-တသ္မာ = ထို့ကြောင့်
နီတိ = နိတိမည်၏. . . ဟု ဖွင့်ဆိုထားသည်။
ပြည်သူ့နီတိဆိုသည်မှာ ပြည်သူများလိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်ဟူ၍ မြန်မာအဘိဓာန်တွင် အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ သူ့အဆင့်၊ သူ့အလွှာအလိုက်၊ လိုက်လျောညီထွေ ကိုက်ညီနေသည့် ပြည်သူ့နီတိ ကျင့်ဝတ်များရှိနေကြသည်။
အနိမ့်ဆုံးအဆင့်ကို ဆိုရပါမူ။ “ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား” ကြရမည်။ ကလေးဘဝကတည်းက “ရိုသေထိုက်သူကို ရိုသေကြရမည်” ဟု (၃၈) ဖြာ မင်္ဂလာတရားတော်နှင့်အညီ သင်ကြားပေးထားကြရန် လိုအပ်လှပါသည်။
အမှန်တကယ်တော့ “သင်္ဂါလောဝါဒသုတ်”လာ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ အရှင့်ကျင့်ဝတ်၊ ကျွန်ကျင့်ဝတ်၊ ဒါယကာကျင့်ဝတ်၊ ရဟန်း ကျင့်ဝတ်များသည် ပြည်သူ့နီတိကျင့်ဝတ်များပင်ဖြစ်ကြသည်။
မူလတန်းကျောင်းသား ကျောင်းသူအရွယ်မှစ၍ “စကားပြောရင် ယဉ်ကျေးသိမ်မွေ့ရမယ်။ ကြမ်းကြမ်းတမ်းတမ်း မပြောရဘူး။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ နူးညံ့ချိုသာကြရမယ်။ စားသောက်ရင် ပါးစပ်က တပြက်ပြက်မမြည်ရဘူး။ မိဘအရင် မစားသောက်ရဘူး။ အိမ်ပေါ်မှာ ခြေသံပြင်းပြင်းနင်းရင် ဆင်းရဲတတ်တယ်။ မိဘဆရာတွေနဲ့ ကိုယ့်ထက် အသက်ကြီးသူတွေရဲ့ရှေ့က ဖြတ်သွားရင် ကိုယ်ကိုညွတ်သွားရမယ်။ သံဃာတော်တွေရဲ့အရိပ်ကို မနင်းမိစေရဘူး” စသည်ဖြင့် နားလည်သဘောပေါက်အောင် ရှေ့ဆောင်လမ်းပြပေးနေကြရန် လိုအပ်လှပါသည်။
အလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူအရွယ်တွင် ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ချင်းစာနာမှု၊ လူကြီးမိဘ ဆရာသမားများ၏ ပြောဆိုဆုံးမ၊ လမ်းညွှန်မှုများကို နာခံတတ်မှု၊ စည်းကမ်းရှိမှု၊ တာဝန် ကျေပွန်မှု၊ စကားပြောချိုသာမှု၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာယဉ်ကျေး သိမ်မွေ့မှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု. . . အစုစုတို့ကိုသင်ကြားပို့ချ လေ့ကျင့် ပျိုးထောင်ပေးကြစေချင်ပါသည်။
အသက်အရွယ်ပေါ်မူတည်ပြီး လုပ်အားတန်ဖိုး ချစ်မြတ်နိုးအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်အောင်၊ စုပေါင်း ဆောင်ရွက်တတ်အောင်၊ တရားတာနှင့် မတရားတာကို ခွဲခြားတတ်အောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိအောင်၊ အတက်အကျ သဘောကိုနားလည်ပြီး အားကျအတုယူချင် အောင်၊ တာဝန်သိစိတ်နှင့် တာဝန်ကျေပွန်အောင်၊ သစ္စာတရားကို ခိုင်မြဲစွာကျင့်သုံးတတ်အောင်၊ စည်းကမ်းရှိအောင်၊ နူးညံ့သိမ်မွေ့အောင်၊ လူမှုရေးတာဝန်ကျေပွန်အောင်၊ သက်ဆိုင်ရာ ဘာသာရေးကို ရိုသေကိုင်းရှိုင်းလာအောင်၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် တတ်အောင် သာဓက ဥပမာများဆောင်ပြီး လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်လှပါသည်။
သာဓကဆောင်ကြသည့်နေရာတွင် “ကဗျာ၊ ပုံပြင်၊ စကားပုံ၊ ဆိုရိုးစကားများ၊ ဝတ္ထုများနှင့် ကျောင်းသင် ဘာသာရပ်များထဲမှဖြစ်စေ၊ မြင်သာသိသာသည့် လက်တွေ့ဖြစ်ရပ်မှန်များထဲမှဖြစ်စေ” ထုတ်နုတ်ပြီး ကလေး သူငယ်များ၏ နှလုံးသားထဲတွင် စွဲမြဲနေအောင် အခါအခွင့်သင့်သလို လေ့ကျင့်ပေးကြစေချင်ပါသည်။ ထို့ကြောင့် ပြည်သူ့နီတိ ကျင့်ဝတ်များကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ယခင်က သင်ကြားပေးခဲ့ကြရပါသည်။
ထိုသို့သင်ကြားပေးခဲ့ကြရာတွင် ပြည်သူ့နီတိကျင့်ဝတ်နှင့် ပတ်သက်၍ (၁) မူလတန်းပြည်သူ့နီတိသင်ကြားရေး၊ (၂) အလယ်တန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားရေးနှင့် (၃) အထက်တန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ် သိကောင်းစရာများကို ရေးဆွဲပြဋ္ဌာန်းပြီး သင်ကြားခဲ့ကြပါသည်။
ပြည်သူ့နီတိသင်ကြားခြင်း၏ ယေဘုယျရည်ရွယ်ချက်များမှာ-
၁။ နိုင်ငံချစ်စိတ်၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊
၂။ လူကြီး၊ မိဘ၊ ဆရာသမားများကို ရိုသေလေးစားတတ်စေရန်၊
၃။ ရိုးသား၍ ယဉ်ကျေးစွာ ပြုမူနေထိုင်ပြောဆိုတတ်စေရန်၊
၄။ ပညာပြည့်ဝပြီး ကိုယ်ကျင့်တရားကောင်းမွန်စေရန်၊
၅။ ရိုးရာယဉ်ကျေးမှုကို လေးစားမြတ်နိုးတန်ဖိုးထား ထိန်းသိမ်းရန်နှင့် ယဉ်ကျေးစွာဆက်ဆံတတ်စေရန်၊
၆။ သန့်ရှင်းကျန်းမာအောင် နေထိုင်တတ်စေရန်၊
၇။ တာဝန်သိ၍ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူများဖြစ်လာစေရန်၊
၈။ စည်းလုံးညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးလာ စေရန်၊
၉။ အများနှင့် စုပေါင်းလုပ်ဆောင်နေထိုင်တတ်စေရန်၊
၁၀။ အများအကျိုးဆောင်ရွက်သည့် စိတ်ဓာတ်ဖွံ့ဖြိုးရင့်သန်စေရန်၊
၁၁။ တရားဥပဒေနှင့်စည်းကမ်းကို ရိုသေထိန်းသိမ်း လိုက်နာတတ်စေရန်၊
၁၂။ ပြည်သူပြည်သားကောင်း၊ နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ဟူ၍ဖြစ်ပါသည်။
စာရိတ္တနှင့် ပြည်သူ့နီတိ
“စာရိတ္တ”ဆိုသည်မှာ ကိုယ်ကျင့်တရားဖြစ်ပြီး “ပြည်သူ့နီတိ”မှာ ပြည်သူများ လိုက်နာဆောင်ရွက်ရန်ကျင့်ဝတ်ဖြစ်သည်။ ထို့ကြောင့် စာရိတ္တနှင့်ပြည်သူ့နီတိသည် တစ်သားတည်းဒွန်တွဲဆက်စပ်နေပါသည်။ အပြန်အလှန်အကျိုးပြုနေပါသည်။ ပြည်သူ့နီတိကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံကြမှသာလျှင် စာရိတ္တကောင်းမွန်သူ ဖြစ်လာနိုင်ပါသည်။ စာရိတ္တ ကောင်းမွန်သူဖြစ်မှလည်း နီတိကျွမ်းကျင်သောပြည်သူ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ကို တွဲဖက်ပြီး ရေးဆွဲပြဋ္ဌာန်းပို့ချသင်ကြားနေကြခြင်းဖြစ်ပါသည်။
စင်ကာပူနိုင်ငံ၏ ပြည်သူ့နီတိနှင့် စာရိတ္တပညာ
စင်ကာပူနိုင်ငံတွင် ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက စာရိတ္တပညာရေးကိုကျောင်းများတွင် အရေးကြီး ဘာသာရပ်အဖြစ် သင်ကြားပေးခဲ့ကြပါသည်။ ၁၉၅၀ ပြည့်လွန်နှစ်များက မူလတန်းနှင့် မူလတန်းလွန်ကျောင်းများတွင် ကိုယ်ကျင့်တရားများကို ပြဋ္ဌာန်းခဲ့ သောကြောင့် မိမိကိုယ်မိမိလေးစားပြီး နိုင်ငံသားကောင်းဖြစ်စေရမည် ဟူသောရည်ရွယ်ချက်ကို စွဲမြဲသွားစေခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ်လွန်များက မူလတန်းနှင့် အလယ်တန်းများတွင် “ပြည်သူ့နီတိ”နှင့် အစားထိုးခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ပြည်သူ့နီတိ သင်ရိုးကို ပြန်လည်ပြင်ဆင်ရာမှ “ဘဝနေနည်းပညာ ရေးလမ်းညွှန်” အဖြစ် ရောက်သွားခဲ့ပါသည်။ သစ္စာရှိ၊ တာဝန်သိနိုင်ငံသားများ၏ တာဝန်များပါရှိသောကြောင့် အကျိုးရှိခဲ့ကြပါသည်။
၁၉၇၉ ခုနှစ်တွင် မူလတန်းနှင့် မူလတန်းလွန်ကျောင်းများတွင် “ပြည်သူ့နီတိနှင့် ဘဝနေနည်းပညာရေး” တို့ကို “စာရိတ္တပညာရေး”နှင့် အစားထိုးခဲ့ရာတွင် (က) လူတစ်ဦးချင်း အကျင့်စာရိတ္တဖွံ့ဖြိုးစေရေး၊ (ခ) လူမှုရေးတာဝန် ကျေပွန်စေရေး၊ ရပ်ရွာအဖွဲ့ဝင် တစ်ဦးပါလားဆိုသောအသိ ကိန်းအောင်းရေး၊ ယဉ်ကျေးမှုအမွေကို လေးစားရေး၊ (ဂ) နိုင်ငံအပေါ် သစ္စာရှိရေး၊ နိုင်ငံချစ်စိတ်၊ နိုင်ငံတည်ဆောက်ရေး စိတ်ဓာတ်ရှိရေးဟူသော ရည်ရွယ်ချက်များ ထားရှိခဲ့ကြပါသည်။
၁၉၈၃ ခုနှစ်တွင် ကျောင်းများအတွက် စာရိတ္တပညာသင်ရိုး ညွှန်းတမ်းကို ထုတ်ပြန်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် စာရိတ္တပညာသင်ရိုးကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။
ဖော်ပြပါပြည်သူ့နီတိနှင့် စာရိတ္တပညာပြဋ္ဌာန်း သင်ကြားပို့ချပေးခဲ့ခြင်းကြောင့် လူမျိုးပေါင်းစုံ နေထိုင်ကြသော်လည်း စည်းကမ်းရှိ၊ ယဉ်ကျေးမှုပြည့်ဝသော စင်ကာပူနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်မြင့်ဂုဏ်တင့်နေခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ယခင်က မူလတန်းအဆင့်၊ အလယ်တန်း အဆင့် ဆရာဆရာမလမ်းညွှန် “စာရိတ္တပညာ” စာအုပ်များ ပေးအပ်ခဲ့ကာ ကျောင်းသားကျောင်းသူများအား ကျောင်းစာများနှင့်ညှပ်၍ သင်ကြားပေးခဲ့ကြပါသည်။ ဆရာကိုင် “စာရိတ္တပညာ” စာအုပ်ထဲပါ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှု၊ ကြိုးစားမှု၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးမှု၊ ညှာတာမှု၊ ဇွဲသတ္တိရှိမှု၊ အကျင့်စာရိတ္တကောင်းမွန်မှုများကို ကလေးသူငယ်များ အားကျ အတုယူကြစေရေးအတွက် လိုက်ဖက်သည့် အောက်ဖော်ပြပါကဗျာကို ရွတ်ဆိုပြပြီး ဆွဲဆောင်ပျိုးထောင်ခဲ့ကြပါသည်-
အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ။
တို့မြန်မာပြည်၊ အမှောင်တွင်း
သူ ခေါင်းဆောင်လို့လင်း။
စိတ်ရင်းမှန်လို့၊ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်။
တို့ပြည်ကောင်းအောင်၊ သူသယ်ပိုး
သူ့ဂုဏ်ဘယ်မညှိုး။
ရိုးသားဖြောင့်မတ်၊ သူ့မူရာ
ငယ်ငယ်ကတည်းကပါ။
မြန်မာပြည်သူ့အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း။
“စာရိတ္တ ပညာ”ဆိုသည့်စာအုပ်ကလေးထဲမှ ထိုကဗျာကို ရုပ်ပုံ ကားချပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်များနှင့် ရှင်းပြခဲ့ကြ ရာ ကလေးသူငယ်များ အားကျအတုယူလာခဲ့ကြပါသည်။
ပုံပြင်ထဲက သာဓကများအဖြစ် “ပုစွန်ကြံတတ်၊ ဗျိုင်းလည်ပြတ်”၊ “သမင်နှင့်ကျား” ၊ “ဆင်ဆိုးကြီးနှင့် ဘီလုံးငှက်မလေး”၊ “ယုန်နှင့်လိပ် အပြေးပြိုင်ပွဲ” ပုံပြင်များကို စိတ်ပါဝင်စားလာအောင် ရှင်းပြကြရင်း သင်ခန်းစာရအောင် စွမ်းဆောင်ပေးကြရန်လိုအပ်လှပါသည်။
လေ့ကျင့်ပျိုးထောင်မှု မှန်ကန်လျှင်၊ မှန်ကန်သည့်အလျောက် ထွန်းတောက်ထူးချွန်သူများ ပွားများလာပေမည်။ စာရိတ္တ ကောင်းမွန်ပြီး တာဝန်ကျေပွန်သူများ၊ နိုင်ငံ့သားကောင်းများ ထွန်းကားလာပေမည်။
ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က “စာရိတ္တ မဏ္ဍိုင်” တည်ဆောက်ရာတွင် မိဘနှင့် မူလတန်း ကျောင်းဆရာ ဆရာမများသည် အရေးပါဆုံး ဗိသုကာကြီးများဖြစ်ကြသည်ဟု ရေးသားခဲ့ပါသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် “ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများ” ဖွင့်လှစ်နိုင်ကြသည့်နေရာဒေသများတွင်သာ လူငယ်များ လေ့လာသင်ကြားခွင့်ရနေကြပါသည်။
လက်ရှိကလေးလူငယ်ပမာဏနှင့် နှိုင်းဆကြည့်ပါမူ အလွန်ပင်အားနည်းလှပါပေသည်။
ကျွန်တော်တို့နိုင်ငံသည် တခြားသောနိုင်ငံများထက် မှုခင်းနည်းပါးသည့်နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်၌ ၁၈ စက္ကန့်တိုင်းတွင် အကြမ်းဖက်မှုတစ်ခုဖြစ်ပွားသည့်နိုင်ငံရှိသကဲ့သို့ လူသတ်မှုအများဆုံး နိုင်ငံ၊ အဓမ္မကျင့်မှု အများဆုံးနိုင်ငံများလည်း ရှိနေကြပါသည်။
ထိုနိုင်ငံများထက် ကျွန်တော်တို့နိုင်ငံသည် ရာဇဝတ်ပြစ်မှုများ နည်းပါးရခြင်းမှာ “ဓမ္မနီတိ”၊ “လောကနီတိ”၊ “ရာဇနီတိ”ဟူသော နီတိကျင့်ဝတ်များ၏ ဆုံးမပဲ့ပြင်မှုနှင့် “ဓမ္မသတ်”၊ “ရာဇသတ်” များ၏ ထိန်းချုပ်မှုအောက်တွင် နှစ်ပေါင်းထောင်ချီပြီး ရင့်ကျက်သိမ်မွေ့ ယဉ်ကျေးသည့် ရိုးရာဓလေ့များကြောင့်ပင်တည်း။
ဤအစဉ်အလာကောင်းကို ဆက်လက်ထိန်းကျောင်းကြသင့်ပါ သည်။ “အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက”ဟု ဆိုခဲ့ကြသည့်နှယ် “ယဉ်ကျေးမှုနှင့် စာရိတ္တဖွံ့ဖြိုးမှုအစ၊ ပြည်သူ့နီတိက”ဟု ဆိုချင်ပါသည်။ ပြည်သူ့နီတိ ကျင့်ဝတ်များနှင့်အညီသာ သွားလာ၊ ပြုမူ၊ ပြောဆိုနေထိုင်နိုင်ကြပါလျှင် လူ့လောကကြီးသည် အနိဋ္ဌာရုံများ ကင်းဝေးပြီး အေးချမ်းသာယာသည့် ဣဋ္ဌာရုံများနှင့်ပြည့်စုံကာ လူသားတိုင်း နေပျော်ဘဝကို ရရှိခံစားနိုင်ကြမည်မှာ မြေကြီးလက်ခတ် မလွဲ အသေအချာပဲရယ်လို့ ဟစ်ကြွေးလိုက်ချင်ပါတော့သည်။ ။
ကျမ်းကိုး-
ဆရာကိုင်လက်စွဲ စာရိတ္တပညာ
မောင်ကျေးဇူး၏ ပြည်သူ့နီတိကဗျာ
ဆရာတင်စိုး(နီတိအတွေး)၏ ပြည်သူ့နီတိနှင့် လက်တွေ့ဘဝ