မနီလာ ဒီဇင်ဘာ ၃

 

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု ယမန်နေ့ကလှုပ်ခတ် ခဲ့ရာ အနည်းဆုံး တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ယနေ့ သတင်းထုတ်ပြန်သည်။

 

ဒါဗာအိုဒယ်နော်တီပြည်နယ်ရှိ တာဂမ်းမြို့မှ အမျိုးသမီးတစ်ဦးသည် ငလျင်လှုပ်ခတ်စဉ်အတွင်း ၎င်း၏အိမ်နံရံ ပြိုကျမှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးရုံးက အတည်ပြုပြောကြားသည်။ ၎င်း၏ခင်ပွန်းနှင့် ကလေးတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီသည် ငလျင်၏အကျိုးသက်ရောက်မှုကို အကဲဖြတ်လျက်ရှိပြီး ငလျင်နှင့် ဆက်စပ်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ယခုအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

ဒီဇင်ဘာ ၂ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၇ မိနစ်တွင် ဟီနာတွန်မြို့၏အရှေ့မြောက်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာကို ဗဟိုပြုကာ လှုပ်ခတ် ခဲ့ခြင်းဖြစ်ပြီး အနက် ၂၅ ကီလိုမီတာအထိ ငလျင်သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ် ၅၀၀ ကျော် လှုပ်ခတ် ခဲ့ကြောင်း မှတ်တမ်းတင်ထားပြီး အချို့မှာ ပြင်းအား ၅ နှင့် ၆ အထက်ရှိသည်။

 

ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ငလျင်ဗဟိုချက်နှင့်အနီးတစ်ဝိုက်တွင်ရှိသည့် ကမ်းရိုးတန်းဒေသများရှိ ပြည်သူများကို ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းရန် တာဝန်ရှိသူများက သတိပေးပြောကြားခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ဆူနာမီသတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

 

ပြီးခဲ့သည့်လက ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု ဆာရန်ဂါနီမြို့၏ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာခန့် အကွာတွင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး ကိုးဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်