မနီလာ၊ ဒီဇင်ဘာ ၃

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း  မာရာဝီမြို့ရှိ တက္ကသိုလ်အားကစားရုံတစ်ခုတွင် ကက်သလစ်ဘာသာဝင်များ စုဝေးလျက်ရှိစဉ် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလေးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

 

အခင်းဖြစ်ပွားရာနေရာမှ ရိုက်ကူးထားသောဓာတ်ပုံများတွင် မီးလောင်ကျွမ်းနေသော ကြမ်းပြင်ပေါ်တွင် ပလတ်စတစ်ထိုင်ခုံများကို ပြသထားသည်။

 

စုံစမ်းစစ်ဆေးလျက်ရှိ

 

အဆိုပါဗုံးပေါက်ကွဲမှုသည် အစ္စလာမ္မစ် စစ်သွေးကြွများ၏ အကြမ်းဖက် လုပ်ရပ်ဖြစ်သည်ဟု အာဏာပိုင်များက ယုံကြည်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အဆိုပါတိုက်ခိုက်မှု၏ နောက်ကွယ်တွင် ပြည်ပအကြမ်းဖက်သမားများ ရှိနေနိုင်ကြောင်း ရှုတ်ချပြောကြားသည်။

 

“အပြစ်မဲ့သူတွေကို အကြမ်းဖက်တဲ့ အစွန်းရောက်တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရန်သူတွေအဖြစ် အမြဲမှတ်ယူခံရမှာပါ” ဟု မားကို့စ်က ဆိုသည်။

 

လက်မှတ်ရေးထိုး

 

နိုင်ငံ၏အကြီးဆုံး စစ်သွေးကြွအဖွဲ့ ဖြစ်သော မိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးအဖွဲ့သည် မင်ဒါနာအိုမြို့၌ တိုက်ပွဲများ အဆုံးသတ်ရန်အတွက် ဖိလစ်ပိုင် အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါအဖွဲ့သည် ၂၀၂၅ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရတစ်ရပ်ထူထောင်ရန် ဦးတည်လုပ်ဆောင်လျက်ရှိသည်။

 

မကြာခဏဖြစ်ပွား

 

သို့သော် အခြားသော လက်နက်ကိုင်အဖွဲ့များက အဆိုပါလှုပ်ရှားမှုကို ဆန့်ကျင်လျက်ရှိပြီး ဒေသတွင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်