တိုကျို ဒီဇင်ဘာ ၃

 

ဂျပန်နိုင်ငံ၌ ယခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၀၀ ကျော်ရှိကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။

 

ယခုနှစ်ဧပြီလမှစပြီး နိုဝင်ဘာလအထိ ရှစ်လအတွင်း ဝက်ဝံတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၁၂ ဦးရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောသည်။

 

နိုဝင်ဘာလတစ်လတည်းတွင် ပြည်သူ ၃၀ ခန့် ဝက်ဝံတိုက်ခိုက်ခံခဲ့ရသည်။ ယခုနှစ် ဝက်ဝံတိုက်ခိုက်ခံရသူ အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင် တိုက်ခိုက်ခံရသည့် ၁၅၈ ဦး အရေအတွက်ထက် ကျော်လွန်သွားကြောင်း သိရသည်။ ဝက်ဝံတိုက်ခိုက်မှုမှတ်တမ်းကို ၂၀၀၆ ခုနှစ် တွင် စတင်စာရင်းကောက်ယူခဲ့သည်။

 

အကီတာမြို့၌ ဝက်ဝံတိုက်ခိုက်မှုအကြိမ် ၇၀ နှင့် အီဝါတီမြို့၌ ၄၅ ကြိမ် အပါအဝင် ဂျပန်အရှေ့မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ၏ ၇၀ ရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်းရှိ စီရင်စုများ၌ ဝက်ဝံများဖမ်းဆီးခြင်းနှင့် လေ့လာနိုင်ရေးအတွက် ကူညီပေးရန် ကျွမ်းကျင်သူများကို အီဝါတီနှင့် တိုယာမာမြို့တို့သို့ စေလွှတ်ထားသည်။

 

ဝက်ဝံများသည် ဒီဇင်ဘာလတွင် ဆောင်းခိုလေ့ရှိသော်လည်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူများက ပြည်သူများကို သတိပေးထားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်