သိန်းထွန်း (IR)
အတွေ့အကြုံမျှဝေ
ပြီးခဲ့တဲ့တစ်ရက်က ညနေထမင်းစားပြီးချိန် မိသားစု လေးယောက်သား အိမ်ရှေ့ကွက်လပ်မှာထိုင်ပြီး စကားလက်စုံ ပြောဖြစ်ကြတယ်။ လသာသာအောက် အိမ်ရှေ့ကွက်လပ်မှာထိုင်ရတာ အေးချမ်းလိုက်တာ။ ဆောင်းရဲ့ အအေးဓာတ်လေးက နေထိုင်လို့ ကောင်းရုံလေး။ မိသားစုလေးယောက်သား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလိုက်ကြ ရယ်လိုက် ကြနဲ့။ သမီးတို့က သူတို့ကျောင်းက အကြောင်းတွေပြောရင်း စကားဝိုင်းက အမျှင်မပြတ်နိုင်ဘူး။ တစ်ရက် တလေတော့ ကလေးတွေလည်း စာကျက်တာ နားပါစေဆိုပြီး စကားဆက်ပြောဖြစ်ကြတယ်။ ကျောင်းအတွေ့အကြုံတွေ ပြောရင်းနဲ့ သမီးတို့ကတက္ကသိုလ် အတွေ့အကြုံတွေမေးတယ်။ ကျွန်တော်တို့ တက္ကသိုလ်တက်ခဲ့တုန်းက အကြောင်းတွေ ပြောပြတော့ သူတို့မှာ တအံ့တဩဖြစ်လို့။ ကျွန်တော်တို့ တက္ကသိုလ်တက်တော့ တစ်လကို ၄၅၀ ကျပ် အိမ်က ပေးတယ်ဆိုတော့ သူတို့ရယ်လိုက်ကြတာ။ မယုံကြဘူး။ ဟုတ်မှာပဲ။ သူတို့ခေတ်မှာ ပိုက်ဆံ ၄၅၀ ဆိုတာ လက်ဖက်ရည်တစ်ခွက်တောင် မရဘူးကိုး။
ကျွန်တော် တက္ကသိုလ်တက်ခဲ့တာ အခုဆို နှစ်ပေါင်း ၃၀ ကျော် ၄၀ နီးပါးကြာခဲ့ပြီဆိုတော့ သူတို့ခေတ်အခြေအနေနဲ့ မတူတော့ဘူး။ အဲဒါနဲ့ ကျွန်တော်တို့ကျောင်းတက်တုန်းက အခြေအနေလေးတွေကို ကျွန်တော်မှတ်မိသမျှ သူတို့ကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်လို့ ဒီဆောင်းပါးရေးဖြစ်တာပါ။ နောက်တစ်ခုကတော့ I.R ဌာန စဖွင့်တဲ့ခုနှစ်နဲ့ ဘာသာရပ်အမည်ကို အမှတ်မှား၊ လွဲချော်တာလေးတစ်ခုကို လူမှုကွန်ရက်မှာ အမှတ်တမဲ့တွေ့မိလိုက်ပါတယ်။ အဲဒါတွေ့မိတော့ I.R ကျောင်းသားတစ်ယောက်အနေနဲ့ I.R ဌာန အကြောင်းတွေကို လက်လှမ်းမီခဲ့သမျှ မျှဝေချင် မိတယ်။ အမှန်တကယ်ကတော့ I.R ဌာနနဲ့ပတ်သက်လို့ မှတ်တမ်းအနေနဲ့ ရေးချင်တာပါ။ ဒါပေမဲ့ အဲဒီလိုရေးဖို့ လက်လှမ်းမမီလို့ ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ မန္တလေးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ကျောင်းသားဘဝအတွေ့အကြုံကို ဆောင်းပါးအနေနဲ့ ရေးဖြစ်တာပါ။
မှတ်တမ်းကျန်ရှိစေချင်
ဆောင်းပါးရေးမယ်ဆိုတော့ မှတ်မိသမျှတွေ ပြန်စဉ်းစားပါတယ်။ အချို့လည်း ပြန်ရှာပေါ့။ အချို့ အကြောင်းအရာတွေကို မှတ်မိတာလည်းရှိရဲ့၊ မမှတ်မိတော့တာလည်းရှိရဲ့။ အချို့အကြောင်း အရာတွေက ကိုယ်မပါခဲ့လို့ မသိဘူး။ ကိုယ့်အရင်က ဖြစ်ခဲ့တာ၊ ကိုယ့်နောက်ပိုင်းမှာ ဖြစ်ခဲ့တာဆိုရင်လည်း မသိနိုင်ပြန်ဘူး။ ကိုယ်ကိုယ်တိုင် I.R ကို အစောပိုင်းမှာ တက်ခဲ့ရပေမယ့် မှတ်တမ်းမှတ်ရာ လုပ်တဲ့အကျင့် အတော်အားနည်းခဲ့လို့ အခုလို ရေးမယ်ဆိုတော့ ပြည့်ပြည့်စုံစုံထည့်ဖို့ ခက်နေ တယ်။ ထည့်ချင်တဲ့အချက်အလက်နဲ့ အကြောင်းအရာတွေကို သူငယ်ချင်း ကျော်စိုးနိုင်နဲ့ ရန်အောင်တို့ လင်မယားဆီ လှမ်းမေးပြီးရေးရတယ်။ အခုဆို I.R ဌာနဖွင့်ခဲ့တာ နှစ်ပေါင်း ၃၉ နှစ်။ သမိုင်းဖြစ်စဉ် တစ်ခုအနေနဲ့ဆို မကြာသေးပါဘူး။ I.R ဌာနကို စတင်ဖွင့်လှစ်ခဲ့တဲ့ ဆရာကြီး ဆရာမကြီးတွေနဲ့ I.R ဘာသာရပ်ကို အစောပိုင်း တက်ခဲ့တဲ့သူတွေ အခုအချိန်အထိ လက်လှမ်းတမီရှိနေတုန်း။ ကိုယ်တွေ့ဖြတ်သန်းခဲ့ကြတဲ့သူတွေဆိုတော့ I.R ဌာန သမိုင်းကြောင်းကို ခိုင်ခိုင်မာမာ ပြောပြပေးနိုင် ပါလိမ့်မယ်။ အထောက်အထားတွေ ပေးနိုင်ပါလိမ့် မယ်။ အဲဒီလိုမဟုတ်ဘဲ နောင်နှစ်တွေပိုကြာလာရင် I.R ဌာနရဲ့ သမိုင်းကိုပြောကြတဲ့အခါ ပုဂံရာဇဝင်ကို တုတ်ထမ်းပြီး ပြောရတယ်ဆိုတာလို တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်လာနိုင်ပါတယ်။
အိုင်အာပညာသင်ကြားရေး
အရင်ကတော့ I.R ဌာနအကြောင်းကို ဆရာကြီး ဦးမောင်မောင်လေးက I.R Magazine မှာ မောင်မောင်လေး - တွဲဖက်ပါမောက္ခ (ငြိမ်း) အမည်နဲ့ “အိုင်အာရ် (I.R) နှင့် မြန်မာ့တက္ကသိုလ် ပညာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့ပါတယ်။ ကျွန်တော်တို့ လက်လှမ်းမမီခဲ့တဲ့ I.R ပညာ သင်ကြားရေး အကြောင်းတွေရော၊ ကျွန်တော်တို့ သိမီခဲ့တာတွေရော ပါပါတယ်။ မြန်မာနိုင်ငံမှာ I.R သင်ကြားတာကို ၁၉၅၅ ခုနှစ်ကစပြီး ဒီကနေ့အထိ I.R အစီအစဉ် သုံးကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၅၅ ခုနှစ်မှာ ပထမတစ်ကြိမ်၊ ၁၉၅၉ ခုနှစ်မှာ ဒုတိယ တစ်ကြိမ်နဲ့ ၁၉၈၄ ခုနှစ်မှာ တတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် I.R အကြောင်း တွေကို ဆရာကြီးက သူရဲ့ဆောင်းပါးထဲမှာ ရေးထား ပါတယ်။ နောက်ပြီး ၁၉၈၄ ခုနှစ်မှာ I.R သင်ကြားရေး ပြန်ဖွင့်လှစ်ဖို့ သန္ဓေတည်လာတဲ့အကြောင်းတွေ ကို ဆရာကြီးရဲ့ ဆောင်းပါးမှာ ဖတ်ရပါတယ်။ ကျွန်တော်တို့ မသိခဲ့တာတွေပါ။ အဲဒီလိုအကြောင်း အရာတွေကတော့ သက်ကြီးစကား သက်ငယ်ကြား လို့သာ သိခွင့်ရတာပါ။ သာမန်အနေနဲ့ဆို မသိနိုင်ပါဘူး။ ကျွန်တော်တို့က ၁၉၈၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ I.R သင်ကြားရေးကိုပဲ မီခဲ့တာပါ။ အဲဒီအရင်ဖွင့်ခဲ့တာ တွေကို မမီလိုက်ပါဘူး။
ပထမအကြိမ်နဲ့ ဒုတိယအကြိမ် I.R သင်ကြား ရေးက အချိန်သိပ်မကြာလိုက်ဘူး။ တတိယအကြိမ် ဖွင့်လှစ်တာကတော့ ၁၉၈၄ ခုနှစ်ကနေ ဒီကနေ့အထိ ဆိုရင် နှစ်ပေါင်း ၃၉ နှစ်ရှိပြီ။ I.R (1st Batch) ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာလမှာ စဖွင့်ခဲ့တယ်။ ဖွင့်စက ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်မှာပဲ I.R မေဂျာရှိတာ။ ကျွန်တော်တို့ I.R (2nd Batch) က ၁၉၈၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖွင့်တယ်။ I.R စဖွင့်တဲ့အချိန်က ဘာသာရပ်အမည်က နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာအုပ်ချုပ် ရေးပညာ IR & IA (International Relations and International Administration)။ ၈၈ အရေး အခင်းပြီး ၁၉၉၀ ကျောင်းပြန်ဖွင့်တော့ ဘာသာရပ် အမည်ကို IR & IA ကနေ I.R လို့ ပြောင်းလိုက်ပါတယ်။
ဆရာကြီး ဆရာမကြီးများ
မန္တလေးတက္ကသိုလ် အိုင်အာဌာနဖွင့်တော့ သမိုင်းဌာနပါမောက္ခ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က ပါမောက္ခ/ ဌာနမှူးအဖြစ် ပူးတွဲတာဝန်ယူပါတယ်။ တွဲဖက်ပါမောက္ခက ဆရာမကြီးဒေါ်လှကြည် ဖြစ်ပါတယ်။ နောက်တော့ ဆရာမကြီးဒေါ်လှကြည်က ပါမောက္ခ ဖြစ်လာပါတယ်။ ကျွန်တော်တို့တုန်းက ဆရာကြီး ဆရာမကြီးတွေထဲမှာဆို ဒေါ်ခင်ထွေးရီ ကထိက (နောင် ပါမောက္ခ)၊ ဦးတင်မောင်ဌေး ကထိက (ကထိကဖြင့် ပင်စင်ယူ)၊ ဦးအောင်ဝင်း ကထိက (နောင် တွဲဖက်ပါမောက္ခ)၊ ဦးမောင်မောင်လေး ကထိက (နောင် တွဲဖက်ပါမောက္ခ)၊ ဦးအောင်မြင် ကထိက (နောင် ပါမောက္ခ)၊ ဒေါ်စောခင်ကြီး လ/ထ ကထိက (နောင် ပါမောက္ခ)၊ ဒေါ်မြမြ လ/ထ ကထိက (နောင် ပါမောက္ခ)၊ ဒေါ်ခင်ငြိမ်း နည်းပြ (လ/ထ ကထိကဖြင့် ပင်စင်ယူ)၊ ဒေါ်မြင့်မြင့်ခင် နည်းပြ (နောင် ပါမောက္ခ)၊ ဦးချစ်ခင် နည်းပြ (နောင် ပါမောက္ခ)၊ ဦးအက်( စ )ဇာပန်း နည်းပြ (နောင် US ထွက်သွား) တို့ ဖြစ်ပါတယ်။ I.R ကျောင်းသား တွေဟာ စီးပွားရေးပညာကိုလည်း ဘာသာရပ်တစ်ခု အနေနဲ့ သင်ကြားရတဲ့အတွက် စီးပွားရေးပညာ ဌာန ဌာနမှူး ဒေါ်ခင်စမ်းမေက International Economic Organizations ကို သင်ကြားပို့ချပေးပါတယ်။ Law ကိုတော့ ဥပဒေပညာဌာန ဌာနမှူး ဆရာကြီး ဦးခင်မောင်စိန်က သင်ပေးပါတယ်။ နောက်ပိုင်း Law ဌာနမှာ ဆရာကြီး ဦးသောင်လွင် ကထိကနဲ့ ဦးခင်မောင်သိန်း ပါမောက္ခအဖြစ် ရောက်လာပါတယ်။
စိတ်ဝင်စားမှုများ
အဲဒီအချိန်က I.R မေဂျာကို ကျောင်းသားတွေ စိတ်ဝင်စားနေကြတဲ့အချိန်ပါ။ အမှတ်ကောင်းတဲ့သူတွေ လျှောက်ကြလို့ ဝင်ခွင့်အမှတ်က များပါတယ်။ ကျွန်တော်တို့နှစ်မှာ စက်မှုတက္ကသိုလ် အမှတ်မီတဲ့ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူ တစ်ယောက် I.R မေဂျာယူပါတယ်။ ဒါ့အပြင် အခြား အသက်မွေးဝမ်းကျောင်းတက္ကသိုလ် အမှတ်မီတဲ့သူ တွေလည်း I.R မေဂျာယူကြတယ်။ ကျွန်တော်က ၄၂၆ မှတ်နဲ့လျှောက်တာမှာ ခုံနံပါတ် ၅၁ နဲ့ I.R ဝင်ခွင့်ရခဲ့တယ်။ အဲဒီနှစ်က I.R မေဂျာကို ကျွန်တော် တို့ မုံရွာက လေးယောက်ဝင်ခွင့်ရတယ်။ ယောက်ျားလေး သုံးယောက်၊ မိန်းကလေး တစ်ယောက်။ I.R ဘာသာ တက်ရောက်ခွင့်အတွက် လိုအပ်ချက်အနေနဲ့ မန္တလေးတက္ကသိုလ် I.R ဌာနမှာ လူတွေ့စစ်ဆေး ခံရပါတယ်။ လူတွေ့စစ်ဆေးရာမှာ စိတ်ကျန်းမာရေး ကို ဆန်းစစ်တဲ့အနေနဲ့ Psycho Test ဖြေရပါတယ်။ အခုတော့ Psycho Test မရှိတော့ဘူးလို့ သိရတယ်။
ကျောင်းတက်ရတော့ အထက်မြန်မာပြည် ကျောင်းသားတွေက မန္တလေးတက္ကသိုလ်၊ အောက်မြန်မာပြည် ကျောင်းသားတွေက ရန်ကုန် တက္ကသိုလ်မှာ တက်ရတယ်။ ကျွန်တော်က မုံရွာသားဆိုတော့ မန္တလေးတက္ကသိုလ်မှာ တက်ခွင့်ရတယ်။ ဝင်ခွင့်ခေါ်တာက တစ်နှစ်ကို ရန်ကုန် I.R အတွက် ကျောင်းသား ၁၀၀၊ မန္တလေး I.R အတွက် ကျောင်းသား ၁၀၀ စီပဲ ခေါ်ပါတယ်။ ကျွန်တော် တို့နှစ်က ကျောင်းသားအယောက် ၁၀၀ ခေါ်တာမှာ ၉၉ ယောက်ပဲ တက်ခွင့်ရတယ်။
ကျောင်းတက်ရတဲ့နေရာ
ကျွန်တော်တို့ ကျောင်းတက်တော့ မန္တလေး တက္ကသိုလ် (ရတနာဘုမ္မိနယ်မြေ) မှာ ပထမနှစ်နဲ့ ဒုတိယနှစ်တက်ရပါတယ်။ ရတနာဘုမ္မိက လမ်း ၈၀၊ ၃၄ လမ်းနဲ့ ၃၅ လမ်းအကြားမှာပါ။ လမ်း ၈၀ တစ်ဖက်မှာ ကဉ္စနအဆောင်ရှိပါတယ်။ ရတနာ ဘုမ္မိမှာ I.R ဌာနက အောင်ပင်လယ်ခန်းမရှိတဲ့ နှစ်ထပ်ဆောင်ဘေးကပ်လျက်မှာ ရှိပါတယ်။ နှစ်ထပ်ဆောင်နဲ့ I.R ဌာနအကြားမှာရှိတဲ့ သစ်သား လှေကားလေးက ကျောင်းသားတွေ ထိုင်နေကျ၊ ငေးနေကျ၊ ကျောင်းသူတွေကို စနောက်ကြတဲ့ နေရာပါပဲ။ ရတနာဘုမ္မိကင်တင်းက အောင်ပင်လယ် ခန်းမအဆောင်နဲ့ မျက်နှာချင်းဆိုင်မှာ။ ရတနာ ဘုမ္မိကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့ ညာဘက်က ကင်တင်း၊ ဘယ်ဘက်က နှစ်ထပ်ဆောင် ပြီးရင် I.R ဌာန။ ရတနာဘုမ္မိ I.R ဌာနမှာ ရုံးခန်းနဲ့ စာသင်ခန်းရှိပါတယ်။ ရုံးခန်းနဲ့ စာသင်ခန်းက ကပ်နေတာ။ စာသင်တဲ့အချိန်မှာ အခန်းတံခါးပိတ် ပြီးသင်လို့ အခြားကျောင်းသားတွေက သိပ်မကြည်ကြဘူး။ ကောင်မလေးတွေကို လာငေးလို့မှ မရဘဲကိုး။ ရတနာဘုမ္မိမှာတက်တုန်းက အစိုးရ အဆောင် မပေးပါဘူး၊ အပြင်အဆောင်တွေမှာ ငှားနေရပါတယ်။
တတိယနှစ်ရောက်တော့ ကျွန်တော်တို့ မန္တလေးတက္ကသိုလ် မိန်းထဲမှာ တက်ရပါတယ်။ I.R ဌာနက မန္တလေးတက္ကသိုလ် အင်းဝခန်းမရဲ့ အနောက်ဘက်မှာ ရှိပါတယ်။ အိုင်အာဌာနရဲ့ရှေ့မှာက မန္တလေးတက္ကသိုလ်၊ ဘောလုံးကွင်း အဟောင်းနေရာပါ။ အဆောင်က တစ်ထပ်ဆောင်ပါ။ တတိယနှစ် မိန်းထဲမှာတက်ရတော့ အစိုးရ အဆောင်ပေးတယ်။ ကျွန်တော်က တတိယနှစ်မှာ ရတနာပုံအဆောင်၊ စတုတ္ထနှစ်မှာ ရွှေပြည်အေး အဆောင်မှာ နေရတယ်။
မြေတောင်မြှောက်ပေး
ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က I.R ဌာနကို အများကြီး မြေတောင်မြှောက်ပေးခဲ့တာပါ။ သူ့တပည့်တွေကိုလည်း ထူးချွန်ထက်မြက်စေချင်တယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းစေချင်လို့ အသေးစိတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်နဲ့ ဆရာကြီး ဆရာမကြီးတွေက အတွဲညီတယ်လို့ ဆိုရမယ်။ ဆရာကြီးက တက်ကြွသလို ဆရာကြီး ဆရာမကြီး တွေကလည်း အိပ်သွန်ဖာမှောက် သင်ပေးကြတာ။ ကျွန်တော်တို့ဆို မနည်းလိုက်ယူခဲ့ရတယ်။ နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ကိုင်ရမယ့်သူတွေက ဘက်စုံအရည်အချင်း ပြည့်စုံဖို့လိုတယ်လို့ ဆရာကြီးက ပြောပါတယ်။ ဒါကြောင့် ဆရာကြီးက သူ့တပည့်တွေကို လူအများရှေ့ စကားပြောတတ်အောင် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွေ စီစဉ်ပေးပါတယ်။
ဘာသာရပ်ဟောပြောပွဲတွေမှာ တစ်ယောက်ချင်း စင်ပေါ်တက်ပြောရတာ အမှတ်ရဆုံးပဲ။ နားမလည်ပါဘူးဆိုနေမှ အင်္ဂလိပ်လို မေးခွန်းတွေ မေးတော့ I am sorry. I don’t know. ချည်းပဲ ဖြေလိုက်တယ်။ ပြီးရော။ ကိုယ်မသိရင် အဲဒီလို ဖြေလို့ ဆရာကြီးက သင်ပေးထားတာ၊ ကျွန်တော်တို့ အတွက် ကွက်တိပဲ။ အဲဒီတုန်းကတော့ ဆရာတွေရဲ့ စေတနာကို သိပ်နားမလည်ခဲ့ဘူး။ ပညာယူရမှန်း မသိခဲ့ဘူး။ အတန်းအောင်ဖို့လောက်ပဲ စိတ်ဝင်စားခဲ့တယ်။ ကျောင်းတွေပြီးလို့ ပြင်ပလောကထဲရောက် မှ ဆရာတွေပေးတဲ့ ပညာတွေရဲ့တန်ဖိုးနဲ့ အသုံးဝင်တာကို နားလည်လာခဲ့တယ်။ ဒါပေမဲ့ နောက်ကျ သွားခဲ့ပြီ။ လူကြီးတွေပြောသလိုဆို မိုးရွာတုန်း ရေမခံခဲ့ဘူးလေ။
I.R ဌာနမှာက စာသင်ရင် အတန်းထဲမှာ ကိုယ့်ခုံနံပါတ်အလိုက် ထိုင်ရတယ်။ ကိုယ်ကြိုက်တဲ့နေရာကို ကြုံသလို ထိုင်လို့မရဘူး။ ခုံနံပါတ် အလိုက်ဆိုတော့ ယောက်ျားလေး၊ မိန်းကလေး ရောထိုင်ရတာပေါ့။ မိန်းကလေးတွေနဲ့ အတူတူ ထိုင်ရမှာ ခပ်ရွံ့ရွံ့ဖြစ်နေတဲ့သူတွေ ရှိသေးတယ်။ “အ”ပါ့။ စာသင်ရင်လည်း မြန်မာစာကလွဲလို့ ဘာသာရပ်အကုန်လုံး အင်္ဂလိပ်လိုပဲ သင်ရတာ။ ဆရာကြီး ဆရာမကြီးတွေက ရှင်းတော့လည်း အင်္ဂလိပ်လိုပဲ ရှင်းပြကြတယ်။ စာသင်ချိန်ဆို ကျွန်တော့်ရုပ်က ကျီးကန်းတောင်းမှောက်ရုပ်မျိုး။ တောင်ကြည့် မြောက်ကြည့် ပြူးတူးပြဲတဲနဲ့။ နားမှ မလည်တာကိုး။ အင်္ဂလိပ်လိုသင်ခန်းစာကို အင်္ဂလိပ် လိုပဲရှင်းပြတော့ ပြီးပြီပေါ့။ နားမလည်ဘူးဆိုတာက ဆရာကြီး ဆရာမကြီးတွေ သင်တာမကောင်းလို့ မဟုတ်ဘူး။ သင်ခန်းစာတွေက မြင့်တာ၊ ကိုယ်တိုင် က အင်္ဂလိပ်လိုသင်ဖူးတဲ့ အတွေ့အကြုံမရှိလို့ မလိုက်နိုင်တာပါ။ အရင်က အင်္ဂလိပ်လိုပြောတာ၊ နားထောင်တာ၊ ရေးတာတွေနဲ့ ကျွန်တော်တို့က မရင်းနှီးဘူးလေ။
အမှန်က ဆရာကြီး ဆရာမကြီးတွေက ကျွန်တော်တို့ကို ဇိကုပ်နတ်ပြည်တင်ပေးတာ။ အဲဒါကို ကျွန်တော်တို့က ခုန်ခုန်ချနေတာ။ ဆရာကြီး ခင်မောင်ညွန့် လက်ချာချိန်ဆို ရယ်စရာလေးတွေကို အင်္ဂလိပ်လို ပြောပြတယ်။ ဆရာကြီးရေးတဲ့ ကျွန်တော် မစ္စတာဘားမားစာအုပ်ထဲက လေမျိုး ၈၀ ကို အင်္ဂလိပ်လိုဟာသပြောခဲ့တာ အမှတ်တရ။ နောက်ပြီး ကျောင်းသားတွေ အင်္ဂလိပ်စာနဲ့ ရင်းနှီးအောင်လို့ဆိုပြီး ဌာနရုံးခန်းမှာ Newsweek မဂ္ဂဇင်း၊ Time မဂ္ဂဇင်းတွေနဲ့ အင်္ဂလိပ်လို စာအုပ်တွေ ထားပေးထားပြီး ကျောင်းသားတွေကိုလည်း ဖတ်ခိုင်းပါတယ်။ အဘိဓာန်သုံးရင်လည်း English-English ကိုပဲသုံးဖို့ ဆရာတွေက ပြောတယ်။ အင်္ဂလိပ် စာအုပ်တွေ တကိုင်ကိုင်နဲ့ဆိုတော့ ပတ်ဝန်းကျင် က သိပ်ကြည့်မရဘူး။
ဘက်စုံသင်ကြားပေး
ဆရာကြီး ဒေါက်တာခင်မောင်ညွန့်နဲ့ ဆရာကြီး ဆရာမကြီးတွေက တပည့်တွေအပေါ် သင်ကြားရေးမှာပဲ ဂရုစိုက်တာမဟုတ်ဘူး။ I.R ကျောင်းသားတစ်ယောက်အတွက် ရှိသင့်၊ သိသင့် တာတွေကိုပါ သင်ပေးကြတယ်။ ဒါဟာ ဆရာ့ တာဝန်တွေထက်ပိုပြီး ကျောင်းသားတွေကို ပြုစု ပျိုးထောင်ခဲ့ပေးခဲ့ကြတာပါ။ ထူးခြားတာတစ်ခုက ကျွန်တော်တို့ I.R ဌာနမှာ I.R Constitution ရှိပါတယ်။ I.R ဌာနရဲ့ ဘာသာရပ်အသင်းအမှုဆောင်အဖွဲ့ရွေးတာ၊ အတန်းကိုယ်စားလှယ်ရွေးချယ်တာ၊ မဲပေးရွေးချယ်တာတွေကို အဲဒီ Constitution အတိုင်း ရွေးချယ်တင်မြှောက်တယ်။ ကျွန်တော်တို့ ပထမနှစ်တက်တော့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အောင်ပင်လယ်ခန်းမမှာ လုပ်ပါတယ်။ ဆရာကြီးက I.R ဌာနရဲ့ ဂုဏ်နဲ့ညီအောင် အခမ်းအနား အစီအစဉ်ကို အင်္ဂလိပ်လိုပဲ ပြောရတယ်။ ကျောင်းသား တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ပစ္စည်းလဲတဲ့အစီအစဉ်လည်းပါတယ်။ ကျောင်းသူတစ်ယောက်နဲ့ လက်ဆောင်လဲရတော့ ပျော်လိုက်တာပါဆို။
ဆရာကြီးက နိုင်ငံခြားအတွေ့အကြုံတွေများတော့ ကျွန်တော်တို့ကိုလည်း တတ်နိုင်သမျှ နိုင်ငံတကာအဆင့်မီအောင် မြေတောင်မြှောက်ပေး ပါတယ်။ လေ့လာရေးခရီးသွားတော့လည်း ဆရာကြီးက အဆင့်မြင့်မြင့် စီစဉ်ပေးတယ်။ ကျွန်တော်တို့ ပထမနှစ်မှာ နှစ်ညအိပ် သုံးရက်ခရီး ပုဂံလေ့လာရေးခရီးသွားရတယ်။ စရိတ်က ၄၀၀ လားမသိဘူး။ မန္တလေးကနေ ပုဂံကိုသွားဖို့ ကားကို Tourist Burma ကားတွေ စီစဉ်ပေးပါတယ်။ ပုဂံရောက်တော့ သီရိပစ္စယာဟိုတည်မှာ တည်းရတယ်။ တစ်ခါမှမအိပ်ဖူးတဲ့ ဆိုဖာကြီးတွေနဲ့ အိပ်ရတာ၊ စားတော့လည်း ဥပရောပအစားအစာ တွေပါသေး။ မန္တလေးက ပုဂံအသွားမှာ မိတ္ထီလာ၊ ဝင်ဇင်းဟော်တည်မှာ နေ့လယ်စာစားရတယ်။ ပုဂံဘုရားတွေဖူးတဲ့အချိန်မှာ ဘုရားသမိုင်းတွေကို အင်္ဂလိပ်လိုပဲ ရှင်းပြပေးတယ်။ အဲဒီလေ့လာရေး ခရီးမှာ ဆရာကြီးက သူ့တပည့်တွေကို အနောက် တိုင်းစားသောက်ပုံ (table manners) တွေ သင်ပေးပါတယ်။ ပျော်စရာတွေ၊ ကိုးရိုးကားယားအဖြစ်တွေနဲ့ အတွေ့အကြုံတွေ အများကြီးပါပဲ။
အစိတ်အပိုင်းတစ်ခုသာဖြစ်
အခုဆို I.R ဌာနဖွင့်တဲ့ ၃၉ နှစ်အတွင်း မှာ ပညာသင်နှစ်တွေအများကြီး ကျော်ဖြတ်ခဲ့ပြီးပါပြီ။ အဲဒီပညာသင်နှစ်တွေ အများကြီးထဲကမှ ကျွန်တော်က စာသင်နှစ်တစ်ခုစာပဲ ဖြတ်သန်းခဲ့ ရတာပါ။ ကျန်တဲ့စာသင်နှစ်တွေအတွင်းမှာ I.R ဌာနနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အပြောင်း အလဲတွေ၊ ဖြစ်စဉ်တွေနဲ့ အမှတ်တရတွေ များစွာ ရှိပါသေးတယ်။ အဲဒါတွေက မန္တလေးတက္ကသိုလ်၊ I.R ဌာနရဲ့ သမိုင်းမှတ်တမ်းတွေပါပဲ။ အဲဒါတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ဆောင်းပါးက အစိတ် အပိုင်းသေးသေးလေးတစ်ခုသာ ဖြစ်ပါတယ်။ သေးသေးလေးဆိုပေမယ့် တစ်ဖက်တစ်လမ်းက မှတ်တမ်း တစ်ခုကျန်စေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ထက် အများကြီးသိတဲ့သူတွေ၊ ဖြတ်သန်းခဲ့ရသူတွေနဲ့ ပညာသင်နှစ် အလိုက် ပြုစုပေးမယ့်သူတွေကို အားကိုးတကြီး မျှော်လင့်မိပါတယ်။ ဒါဆိုရင် မန္တလေးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနအတွက် ပြည့်စုံတဲ့ မှတ်တမ်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မန္တလေးတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာသင်ယူခဲ့ကြတဲ့ ကျောင်းသား တွေအတွက်လည်း ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။ ။
ကိုးကား
၁။ ဦးမောင်မောင်လေး၊ တွဲဖက်ပါမောက္ခ(ငြိမ်း)၊ အိုင်အာရ် (I.R) နှင့် မြန်မာ့တက္ကသိုလ်ပညာ၊ IR Magazine
၂။ ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ပုတိဖွား၊ https://m.facebook.com/story.php? story_fbid = pfbid0ugzurbgixe 3u1piRixsHLuoSayAACdk65rqgxFB9 XzhVvUyBpxx1BhQhR5mU3iShl & id= 100059984312582၊ ၁ ဇူလိုင်လ ၂၀၂၂