ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အရေးကြီးသော အခြေခံအဆောက်အအုံ ကျေးလက်လမ်းများ
(ယမန်နေ့မှအဆက်)
(ဃ) R&D နှင့် နည်းပညာပေါင်းစပ်မှု (Technology Integration)
ရေရှည်တည်တံ့၍ တာရှည်ခံမှုနှင့် ကုန်ကျစရိတ်သက်သာမှုရှိစေရန် လမ်းသစ်များ ဖောက်လုပ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုတွင် Lab များ အဆင့်မြှင့်တင်ခြင်းနှင့် R&D များ ဆောင်ရွက်ခြင်း၊ ခေတ်မီ နည်းပညာများ အသုံးပြုခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်သင့်ပါသည်။ လမ်းလုပ်ငန်းသုံးပစ္စည်းများ၊ မြေ၊ သဲ၊ ကျောက်၊ ဂဝံ၊ ရိစာ၊ ဒေသအလိုက် ရရှိနိုင်မှု၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှု ရှိ/မရှိ တို့ကို သိရှိနိုင်ရန် Research (သုတေသန) ပြုလုပ်မှတ်တမ်းများထားရှိရန် လိုအပ်သကဲ့သို့ Lab များထားရှိပြီး စစ်ဆေးပေးရန်လည်း လိုအပ်ပါသည်။
ဒေသထွက်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် သယ်ယူစရိတ်လျှော့ချနိုင်ပြီး ဒေသတွင်းလမ်းများ ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်သဖြင့် လက်ရှိတွင် တတ်နိုင်သမျှ ဒေသထွက်ပစ္စည်းများကိုသုံးစွဲနိုင်ရန် ၎င်းတို့၏ အရည်အသွေးအပေါ်မူတည်၍ Design ရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။
ကမ်းရိုးတန်းဒေသ၊ တောင်ပေါ်ဒေသ၊ အပူပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ (Delta Region) စသည့် ဒေသအလိုက် ရာသီဥတုနှင့် ကိုက်ညီမည့်လမ်း Design များရေးဆွဲပြီး သုတေသနများ ဆောင်ရွက်လျက်ရှိသလို စဉ်ဆက်မပြတ်လည်း ဆက်လက်လုပ်ဆောင် သွားကြရမည်ဖြစ်သည်။ တိုးတက်ပြောင်းလဲနေသည့် နည်းပညာ၊ စက်ပစ္စည်းများကို လေ့လာသုံးစွဲခြင်းဖြင့် ဖောက်လုပ်သည့်လမ်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နှစ်စဉ် ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ပြီး ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲဆောင်ရွက် ကြရမည်ဖြစ်သည်။
( င ) အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)
စီမံကိန်းများ အချိန်မီပြီးစီးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် ဆန်းသစ်တီထွင်မှုများကို အသုံးချရန် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သင့်သည့်အပြင် လိုက်လျောညီထွေရှိမည့် မူဝါဒချမှတ်နိုင်ရေးအတွက်လည်း လေ့လာတင်ပြသင့်ပါသည်။
( စ ) ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး (Skill Development)
တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာစွမ်းရည်များ ပြည့်ဝစေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းရည်၊ ပုဂ္ဂလိကကုမ္ပဏီများ၏စွမ်းရည်၊ ရုံးအဆင့်ဆင့်၏စွမ်းဆောင်ရည်များကို မြှင့်တင်ပေး ရန် ဆောင်ရွက်သင့်ပါသည်။
( ဆ) စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation-M&E)
တိုးတက်မှုများကို စောင့်ကြည့်စစ်ဆေးနေရန်၊ စိန်ခေါ်မှုနှင့် အဟန့်အတားများကို ဖော်ထုတ် အဖြေရှာရန်နှင့် ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက် ပန်းတိုင်ပြည့်မီစေရန် ခိုင်မာသည့် စောင့်ကြည့်စစ်ဆေးရေး ယန္တရားများ ထူထောင်ရန်လိုအပ်ပါသည်။ ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်၊ ကာလတို၊ ကာလလတ်နှင့် နှစ်ရှည်စီမံကိန်းများ၏ တိုးတက်မှုများကို စောင့်ကြည့်စစ်ဆေး၊ သုံးသပ်ဖော်ထုတ်နိုင်မည့် M&E စနစ် ထူထောင်ပြီး လစဉ်ကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်သည်။ ကောင်းသည်ထက်ကောင်းအောင်၊ ပြည့်စုံသည်ထက် ပြည့်စုံအောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရပါမည်။ မျှော်မှန်းချက်ပန်းတိုင် ပြောင်းရန် လိုအပ်လျှင်လည်း ပြောင်းလဲရန်၊ နည်းလမ်းပြောင်းရန် လိုအပ်ပါကလည်း ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
( ဇ ) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ (Environmental and Social Consideration)
သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုဖြစ်စေရန် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် (Eco-friendly) အလေ့အကျင့်ကောင်းများကို ဖော်ဆောင်ရန် လိုအပ်ပါသည်။
(ဈ) စံသတ်မှတ်ချက်များ (Criteria)
ကျေးလက် လမ်း၊ တံတားများ ရေရှည်တည်တံ့စေရန်၊ စီးပွားရေးတွက်ခြေကိုက်ရန်၊ Economy De-sign ဖြစ်ရန် စံသတ်မှတ်ချက်များ ချမှတ်လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ လက်ရှိတွင်လည်း လိုက်နာ ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ကျစရိတ် သက်သာစေရန်အတွက် ဒေသထွက်ကုန်များ အသုံးပြုနိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးစံသတ်မှတ်သင့်ပြီး ဒေသရာသီဥတု အခြေအနေနှင့် အခြားသက်ရောက်မှုများကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ လမ်းကိုဖျက်တာ ရေဖြစ်၍ ရေတိုက် စားမှုနှင့် ရေလွှမ်းမိုးမှုမှကာကွယ်ရန် ရေနုတ်မြောင်းများထည့်သွင်းပြီး လမ်း၊ တံတားများ ရေရှည်ခံနိုင်အောင် ထိရောက်ကောင်းမွန်သော Designများ ရေးဆွဲဆောင်ရွက်ရပါမည်။
( ည ) ဘေးကင်းလုံခြုံရေး (Safety)
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်တိုက် မှုဖြစ်နိုင်ခြေများ လျှော့ချရန်အတွက် လိုအပ်သည့်နေရာ၊ လိုအပ်သောအကာအရံများ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ လမ်းအမှတ်အသား များကို သတ်မှတ်ချက်အတိုင်း တည်ဆောက် ရေးနှင့်အတူ တစ်ပါတည်း ထည့်သွင်း ဆောင်ရွက်သင့်ပါသည်။
( ဋ ) Feasibility Survey နှင့် Design စနစ်တကျ ဆောင်ရွက်သင့်
လက်ရှိနှင့် အနာဂတ်ဖြစ်လာနိုင်ခြေ၊ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြေ၊ ထုတ်ကုန်များ တိုးတက်လာနိုင်မှု၊ စီးပွားရေး ဖွံ့ဖြိုးလာနိုင်မှု အလားအလာများကို ဖြစ်နိုင်ခြေဆန်းစစ် လေ့လာမှု (FS) သေချာလုပ်ပြီး အနာဂတ် အစီအစဉ်များကို စုစည်း၍ Design လုပ်သင့်ပါသည်။
(ဌ) ပြုပြင်ထိန်းသိမ်းရေး (Maintenance)
နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများအတွက် အလွယ်တကူ ရရှိနိုင်ပြီး ကုန်ကျစရိတ်သက်သာသော ပစ္စည်းများကို အသုံးပြု၍ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစေမည့် အစီအစဉ်များ ရေးဆွဲထားရှိသင့်ပါသည်။
အစိုးရ-ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပုံစံ (PPP Model)
လက်ရှိအချိန်အထိ ကျေးလက်လမ်းများကို BOT စနစ်ဖြင့် ထိန်းသိမ်းမှုမရှိသေးပေ။ နိုင်ငံတော်က အသစ်တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းကို ၁၀၀ ရာခိုင်နှုန်း တာဝန်ယူနေရခြင်းကြောင့် ဖြစ်ပေါ်ရသည့် ရန်ပုံငွေမလုံလောက်မှု အခက်အခဲကို ကျော်ဖြတ်ရန် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားသင့်ပါသည်-
(က) PPP Model ဆောင်ရွက်နိုင်ရန် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အလားအလာနှင့် မျှော်မှန်း ထားသောရလဒ်များကို အကဲဖြတ်ရန် ဖြစ်နိုင်ခြေဆန်းစစ်မှုကို စေ့စေ့စပ်စပ် လေ့လာလုပ်ဆောင်ခြင်း၊
( ခ ) ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင် မည့်အစီအစဉ်များ စဉ်းစားဆောင်ရွက်ခြင်း၊
( ဂ ) PPP Model တွင် Risk Sharing အနေ ဖြင့် အစိုးရနှင့် ပုဂ္ဂလိကအကြား စွန့်စားရမှု များကို ရှင်းလင်းစွာ ခွဲဝေသတ်မှတ်ပြီး တည်ဆောက်ရေး လည်ပတ်ထိန်းသိမ်းမှု ဆိုင်ရာများကို စဉ်းစားဆောင်ရွက်ခြင်း၊
(ဃ) ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင် စေရန်အတွက် အစိုးရပံ့ပိုးမှုအနေဖြင့် အခွန်သက်သာခွင့် ပေးခြင်းကဲ့သို့သော အာမခံချက်များနှင့် ပံ့ပိုးမှုများ၊ ကူညီမှုမက်လုံးများပေးခြင်း၊
( င ) ရင်းနှီးမြှုပ်နှံသူများ ရေရှည်အဆင်ပြေစေမည့် ဝင်ငွေရလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ရန် လမ်းတစ်လျှောက် လမ်းအသုံးပြုခကို တတ်နိုင်သည့်နှုန်းထားဖြင့် တောင်းခံစေခြင်းဖြင့် ဝင်ငွေ ဖော်ဆောင်ခြင်း (Revenue Generation) (Affordable Rate) နည်းလမ်းများကို ဆောင်ရွက်သင့်ခြင်း၊
( စ ) Financing Model အသစ်များ စဉ်းစားခြင်း အနေဖြင့် Expression of Interest(EOI) ခေါ်ပြီး စိစစ်ရွေးချယ်ခြင်း၊ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကမှ ရန်ပုံငွေကျခံဆောင်ရွက်ခြင်း၊ သတ်မှတ် စည်းကမ်းချက်များချမှတ်ခြင်း၊ စာချုပ်ချုပ်ဆိုဆောင်ရွက်ခြင်းများ စဉ်းစားနိုင်ပြီး စာချုပ်ပါ စည်းကမ်းချက်များ ပြည့်မီစွာ ဆောင်ရွက်နိုင်ပါက သတ်မှတ်ချက်များနှင့်အညီ ရန်ပုံငွေ လျာထားပေးချေခြင်းကိုလည်း စဉ်းစားဆောင်ရွက်သင့်ခြင်း၊ မူဝါဒခွင့်ပြုချက် ရရှိရန်လိုအပ်ပြီး Stand-ard Operation Procedure(SOP) ရေးဆွဲထားရန် လိုအပ်ခြင်း၊
(ဆ) ပြည်သူပူးပေါင်းပါဝင်မှုအနေဖြင့် PPP Model တွင် ပြည်သူများကို စီမံကိန်းအကြောင်းနှင့် ထိန်းသိမ်းလိုက်နာရန်အချက်များ သိရှိစေ ပြီး ပါဝင်နိုင်သည့်နေရာက ပါဝင်စေခြင်း၊
( ဇ ) Transparent Procurement အနေဖြင့် အရည် အသွေးပြည့်မီသော လုပ်ငန်းရှင်များကို ဆွဲဆောင်ပြီး တရားမျှတသော ယှဉ်ပြိုင်မှုကို မြှင့်တင်ရန် ပွင့်လင်းမြင်သာပြီး ပြိုင်ဆိုင်မှုရှိသော ဝယ်ယူရေးလုပ်ငန်းစဉ်များကို သေချာစွာဆောင်ရွက်ရန် လိုအပ်ခြင်း၊
( ဈ ) ရေရှည်သဘောတူညီချက်များ(Long Term Contract) အနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အပြောင်းအလဲမရှိ တည်ငြိမ်မှုရှိမည့် ရေရှည်သဘောတူညီချက်များ၊ ကတိကဝတ်များထားရှိရန် ထည့်သွင်းစဉ်းစားသင့်ခြင်း၊
(ည) Flexible Financing အနေဖြင့် စီးပွားရေး တွက်ခြေကိုက်ပြီး ဖွံ့ဖြိုးသည့်ဒေသများ၊ ဖြစ်နိုင်ခြေရှိသည့်နေရာများမှ စတင်ဆောင် ရွက်သင့်ခြင်း၊ ကျေးလက်လမ်းများကို BOT စနစ်ဖြင့် ဆောင်ရွက်သင့်ခြင်း၊
( ဋ ) စွမ်းဆောင်ရည် စောင့်ကြည့်စစ်ဆေးခြင်း (Performance Monitoring)အနေဖြင့် စီမံကိန်း ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်ပြီး ပြဿနာများကို ဆောလျင်စွာဖြေရှင်းရန် ခိုင်မာသော M&E စနစ်တစ်ခု ထူထောင်ရန် လိုအပ်ခြင်း။
ဥပဒေ၊ နည်းဥပဒေ လိုအပ်ချက်
ကျေးလက်လမ်းတံတားများကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များက အရေးကြီးသလို နိုင်ငံတော်၊ ပုဂ္ဂလိက၊ ပြည်သူ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ ကြီးကြပ်နိုင်ရန် လိုအပ်ပါသည်။ မြေယာကိစ္စများ၊ လှူဒါန်းခြင်းအပါ အဝင်လျော်ကြေးကိစ္စများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကိစ္စများ၊ BOTစနစ်များ ဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ထားရှိရန် လိုအပ်ပါသည်။ ဝန်ကြီးဌာန၊ ဦးစီးဌာနအနေဖြင့် ဥပဒေမူကြမ်း အဆင့်အထိ ဆောင်ရွက်ပြီးဖြစ်သည်။ ဥပဒေ အတည်ပြုပြီးလျှင်မူ သမားရိုးကျနည်းလမ်းမှ ဖောက်ထွက်ပြီး မြန်မြန်ဖွံ့ဖြိုးမည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားနိုင်ရန်၊ နိုင်ငံ့ရန်ပုံငွေ သက်သာစွာဖြင့် အလုပ်ဖြစ်မည့် ချဉ်းကပ်မှုဗျူဟာများကို ချမှတ် ၍ ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ကို ပြည့်မီအောင် အကောင်အထည်ဖော်သွားနိုင်ရန်ဆိုသည့် အိပ်မက် တစ်ခုမက်ဖြစ်ခဲ့ပါသည်။
လမ်းတွေကောင်းပေမယ့် ငြိမ်းချမ်းမှ စီးပွားရေးတိုးတက်မှုတွင် အသုံးချနိုင်မည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းမှသာ ကျေးလက်လမ်းများ ဖောက်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် မြန်မာပြည်ကြီး ငြိမ်းချမ်းရန် ငြိမ်းချမ်းရေးလမ်းများဖောက်ကြပါစို့...…။