တိုကျို၊ ဒီဇင်ဘာ ၃

 

ဂျပန်နိုင်ငံ၌ ယခုနှစ် ဆောင်းဦးရာသီ၏ ပျမ်းမျှအပူချိန်မှာ ၁၈၉၈ ခုနှစ်က မှတ်တမ်းစတင်ကောက်ယူသည့် နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း  ဂျပန်မိုးလေဝသအေဂျင်စီ (ဂျေအမ်အေ)က ထုတ်ပြန်ကြေညာလိုက်သည်။

 

စက်တင်ဘာလမှ နိုဝင်ဘာလအထိ အပူချိန်မှာ နိုင်ငံ၏ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၃၉ ဒီဂရီ ဆဲလ်စီးယပ်စ်  မြင့်တက်ခဲ့ကြောင်းနှင့်  ပြီးခဲ့သည့် ဆောင်းဦးရာသီက မှတ်တမ်းတင်ထားသော စံချိန်ကိုလည်း ကျော်လွန်ခဲ့ကြောင်း ဂျေအမ်အေက ပြောသည်။

 

အေဂျင်စီ၏ထုတ်ပြန်ချက်အရ စက်တင်ဘာလမှ စတင်ကာ ယခုနှစ်အတွင်း အပူချိန်မြင့်တက်မှု ဆက်လက် တည်ရှိနေကြောင်း၊ ဆောင်းဦးရာသီ၏ ပျမ်းမျှအပူချိန်မှာ ဒေသ ၁၅၃ နေရာအနက် ၈၇ ခု မှာ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

တိုကျိုမြို့အလယ်ပိုင်းတွင် နိုဝင်ဘာ ၇ ရက်က အပူချိန် ၂၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ရှိခဲ့ပြီး နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ် လတစ်လအတွက် စံချိန်မှတ်တမ်းသစ်တင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှု၏ အကျိုး သက်ရောက်မှုများကြောင့် ပုံမှန်မဟုတ်သော အပူချိန်များ မြင့်တက်လာရခြင်းဖြစ်သည်ဟု မိုးလေဝသ တာဝန်ရှိသူများက ယူဆထားသည်။

 

ဂျပန်နိုင်ငံသည် ပုံမှန်မဟုတ်သော အပူချိန် မြင့်တက်မှုများနှင့် ဆက်လက်ကြုံတွေ့နိုင်ဖွယ်ရှိသည်ဟု မိုးလေဝသ တာဝန်ရှိသူများက ပြောသည်။

 

ဆင်ဟွာ