နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နေပြည်တော်ဟိုတယ်ဇုန်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဆရာဖြစ် (TOT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသူ/ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုပေးရ‌သော လုပ်ငန်းဖြစ်သည့်အတွက် ဝန်ဆောင်မှုပေးရသူများ၏ စွမ်းဆောင်ရည်များ ပြည့်ဝနေရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေနှင့် အသင်းအဖွဲ့များ လုပ်ငန်းလုပ်ကိုင်သူများနှင့် ပူးပေါင်း၍ ဧည့်ဝန်ဆောင်မှုဆိုင်ရာ ASEAN National Trainer (TOT) သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး ASEAN National Trainer စုစုပေါင်း (၈၇) ဦးရှိကာ ASEAN National Trainer သင်တန်းများကို သင်ကြားပို့ချနိုင်သော ASEAN Master Trainers (၁၈) ဦးနှင့် ASEAN Master Assessor (၁၉) ဦး စုစုပေါင်း (၃၇) ဦးရှိပြီဖြစ်ကြောင်း၊ ယခုသင်တန်းကို အာဆီယံမှ သတ်မှတ်ထားသော ASEAN (MRA-TP) Guidelines များနှင့်အညီ ASEAN Master Trainer လက်မှတ်ရရှိသူများက သင်ကြားပေးမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော သင်တန်းသား/ သင်တန်းသူများအနေနှင့် မိမိတို့ဒေသနှင့် ဟိုတယ်ဇုန်များအလိုက် ပြန်လည်မျှဝေ သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) မှ တာဝန်ရှိသူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်     ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သင်တန်းသား ၂၀ စီဖြင့် (၅) ရက်ကြာ တစ်ပြိုင်နက်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်