နေပြည်တော်၊ ဒီဇင်ဘာ ၄

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအဖွဲ့ ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုကျင်းပသည့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ်နှင့် ကြက်တောင်အားကစားနည်းများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရွေးချယ်သွားမည်ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင်ကြစေ လိုကြောင်း။

 

အားကစားမောင်မယ်များအနေဖြင့် မိမိ၏ဂုဏ်၊ ကျောင်း၏ဂုဏ်၊ မြို့နယ်၏ဂုဏ်၊ တိုင်းဒေသကြီး/ ပြည်နယ်၏ဂုဏ်ကို အားကစားထူးချွန်မှုဖြင့် စွမ်းဆောင်မြှင့်တင်ပေးရမည် ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရာတွင် တရားသောယှဉ်ပြိုင်ခြင်းဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ အနိုင်အရှုံးတစ်ခုတည်းကို ဦးတည်ယှဉ်ပြိုင်ခြင်းမျိုး မဟုတ်ဘဲ ဇွဲရှိမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သည်းခံမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းကမ်းရိုသေ လေးစားလိုက်နာမှု၊ ယဉ်ကျေးလိမ္မာမှု၊ အားကစားကိုချစ်မြတ်နိုးမှု စသည်တို့ကိုပါ ဖော်ထုတ်ပြသရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်   အားကစားမောင်မယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် ကြိုးစားကြစေလိုကြောင်း။

 

မိမိတိုင်းဒေသကြီး/ ပြည်နယ်များ၏ ဂုဏ်ကိုဆောင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြပြီး နိုင်ငံတော်မှ အားထားရသည့် အားကစားသမားများ ပေါ်ထွက်လာအောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူနိုင်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး “ အခြေခံပညာကျောင်းသားအားကစားပွဲတော်” ကို ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ကျောင်းသားအားကစားပွဲတော် အထိမ်းအမှတ်အလံကို အားကစား မောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများက အားကစားသစ္စာ အဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ကြသည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာနိုင်ငံ ဂျွမ်းဘားအဖွဲ့ချုပ်တို့မှ အားကစားသမားများက အေရိုးဗစ်အက၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး အစီအစဉ် အတွဲ (၃/၄)၊ Physical Fitness Dance   နှင့် ဂျွမ်းဘားအားကစား သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဒီဇင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်း ၁၈၅၀ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်