ဆိုးလ်၊ ဒီဇင်ဘာ ၅
တောင်ကိုရီးယားနိုင်ငံက အစိုင်အခဲလောင်စာသုံး ဒုံးပျံကို ဒီဇင်ဘာ ၃ ရက်က အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယင်းဒုံးပျံစမ်းသပ်ပစ်လွှတ်မှုကို ဂျယ်ဂျူကျွန်းအနီးတွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့တွင်ပြောကြားခဲ့သည်။
အဆိုပါ ဒုံးပျံသည် တောင်ကိုရီးယား ပုဂ္ဂလိကကာကွယ်ရေးကုမ္ပဏီက တီထွင်ထားသည့် ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တုကို သယ်ဆောင်သွားကြောင်း သိရသည်။
တောင်ကိုရီးယားသည် ၎င်း၏မဟာမိတ်အမေရိကန်နှင့် လက်မှတ်ရေးထိုးထားသည့် စာချုပ်အရ အစိုင်အခဲလောင်စာသုံး ဒုံးပျံများ ထုတ်လုပ်ခြင်းအပေါ် ကန့်သတ်ချက်များ ရှိသော်လည်း ယင်းကန့်သတ် ချက်များကို ၂၀၂၁ ခုနှစ်တွင် ပယ်ဖျက်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံ၏ပထမဆုံးသော စစ်ဘက်ထောက်လှမ်းရေး ဂြိုဟ်တုကို ပြီးခဲ့သည့် နှစ်ရက်အတွင်းက လွှတ်တင်ခဲ့ပြီးနောက် ယခုကဲ့သို့ အစိုင်အခဲလောင်စာသုံး ဒုံးပျံကိုလွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ