နေပြည်တော် ဒီဇင်ဘာ ၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် ကိုယ်စားလှယ်(၆)ဦးတို့သည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီး၏ ဖိတ်ကြားမှုအရ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး မဟာချိုင်မြို့ရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ကိုင်လျက်ရှိသည့် Thai Union စက်ရုံသို့သွားရောက်၍ မြန်မာအလုပ်သမားများကို အားပေးတွေ့ဆုံကာ သက်ဆိုင်ရာ မိသားစုများထံ ရရှိလစာ၏ ၂၅ ရာခိုင်နှုန်း ပေးပို့ကြရန်၊ Remittance Management System Application ဖြင့် တရားဝင်လမ်းကြောင်းမှ အလွယ်တကူငွေလွှဲနိုင်ရေး ရှင်းလင်းပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်မှ အခွန် ၂ ရာခိုင်နှုန်း အကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကိုယ်စားလှယ်မှ EID စနစ်အကြောင်း ရှင်းလင်းပြောကြားပြီး မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ နေ့လယ်စာအတူ သုံးဆောင်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူး လက်မှတ် အချက်အလက်ကောက်ယူရေးဌာနစိတ် (Temporary Data Collection Center-TDCC) သို့သွားရောက်၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အထူးဧည့်သည်တော်ခန်းမတွင် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Phiphat Ratchakitprakarn ဦးဆောင်သည့် အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့သို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU)နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးလက်မှတ်ရေးထိုးရေး၊ ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI)ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ခလစာများကို မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင်များထံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာလွှဲပြောင်းပေးပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ Visa ကြေးများကို ဖြေလျှော့ဆောင်ရွက်ပေးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံခရီးစဉ် အတွင်း မြန်မာအလုပ်သမားများ အများဆုံးနေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် နေရာဒေသများရှိ စက်ရုံ၊အလုပ်ရုံများသို့ သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် ထိုင်းနိုင်ငံ ဘတ် ၅ သန်းကုမ္ပဏီများ နှင့် MoU လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးရေးစခန်း ဖွင့်လှစ်မည့်နေရာနှင့် အလုပ်သမားသံအရာရှိရုံး ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာတို့ကို စစ်ဆေးကြည့်ရှုခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်