နေပြည်တော်၊ ဒီဇင်ဘာ ၁၀
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစဉ်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ဂျင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုစေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင်သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့လျက်ရှိသည်။
ပြည်ပတင်ပို့မှု၌ စက်မှုကဏ္ဍ ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ သစ်ပါးလွှာနှင့် အထပ်သားများ၊ သစ်အချောထည် ထုတ်ကုန်များ၊ ချုပ်ပြီးအထည်၊ သကြားနှင့် အခြားစက်မှုကုန်ချော ထုတ်ကုန်များကိုလည်း တင်ပို့လျက်ရှိသည်။
ဧပြီလမှ ဒီဇင်ဘာလဆန်းအထိတွင် ပြည်ပနိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ပို့ကုန်အသီးသီး တင်ပို့ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမဏီ၊ ပိုလန်၊ တောင်ကိုးရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှာ ကုန်စည်အလိုက် ဈေးကွက်ဝယ်လိုအား များပြားသည့်နိုင်ငံများဖြစ်သည်။
ပြည်ပ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုကို ကုမ္ပဏီ ၅၉၃၈ ခုက အမှန်တင်ပို့၊ တင်သွင်း ဆောင်ရွက်ခဲ့ကြပြီး လက်ရှိတွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများအပြင် လေကြောင်းလိုင်းများမှ တစ်ဆင့်တင်ပို့မှုများ ဆောင်ရွက်လျက်ရှိသည်။ ငါးမျိုးစုံ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းရှင် အချို့မှ ရက်သတ္တပတ်လျှင် တန်ချိန် ၃၀၀ ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်း နိုင်ငံများသို့ လေကြောင်းဖြင့် တင်ပို့လျက်ရှိသည်။
ပို့ကုန် တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များကို အသိအမှတ်ပြုသည့် အနေဖြင့် ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာ တင်သွင်းခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်းတင်ပို့သည့် လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့သော သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် အစီအစဉ်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ဒေသအလိုက်၊ ကုန်စည်အလိုက် ပိုမိုစိုက်ပျိုး ထုတ်လုပ်ပြီး ထွက်ရှိလာသည့် ရာသီပေါ်သီးနှံများ၊ ငါး၊ ပုစွန်မွေးမြူရေး ရေထွက်ကုန်များကို ပြည်ပဈေးကွက်ဝယ်လိုအား မြင့်မားနေသည့် အချိန်ကိုက် တင်ပို့နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ကြရန် လက်ရှိဘဏ္ဍာနှစ် ပြည်ပတင်ပို့နိုင်မှု စာရင်းများနှင့်အတူ အသိပေး တင်ပြလိုက်ပါသည်-
