ကလေးမြို့ ၂၁ ဖေဖော်ဝါရီ
တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ကလေးမြို့၌ ကျင်းပသည်။
အစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က အဖွင့်အမှာစကားပြောကြားပြီး တီးတိန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်က စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကိုယ်စား ကျေးဇူးတင်စကား ပြောကြား၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီး လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အကြောင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား မိတ်ဆက်ရှင်းလင်းပြောကြားကာ ဒေသခံတိုင်းရင်းသားများထံမှ တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များကို စစ်တမ်းကောက်ယူကြသည်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်ရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို တိုင်းရင်းသားလူမျိုးများ သိရှိနားလည်ရေးအတွက် ပညာပေးဟောပြောပွဲများပြုလုပ်ခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ စစ်တမ်းကောက်ယူခြင်း အစီအစဉ်များကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း (၄)ကြိမ်စီ ဆောင်ရွက်ရမည်ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဗန်းမောက်မြို့နှင့် မုံရွာမြို့တို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
(သတင်းစဉ်)