ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀

 

အမေရိကန်အစိုးရက အစ္စရေးသို့ အမေရိကန်ဒေါ်လာ ၁၀၆ သန်းတန်ဖိုးရှိ တင့်ကားသုံး   ခဲယမ်းမီးကျောက်များ အရေးပေါ်ရောင်းချမှုအား  ယမန်နေ့က အတည်ပြုခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အတွက် အရပ်သားသေဆုံးမှု အရေအတွက် မြင့်မားလျက်ရှိသည်။  အမေရိကန် နိုင်ငံခြားရေးဌာနက အဆိုပါ ခဲယမ်းမီးကျောက်များကို ဒီဇင်ဘာ ၉ ရက်တွင် ရောင်းချခဲ့ကြောင်း ကြေညာသည်။

 

အစ္စရေးသို့ တင့်ကားသုံးခဲယမ်း မီးကျောက်များ ရောင်းချခြင်းနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရသည် ပုံမှန် လွှတ်တော် အစည်းအဝေး၏ ထောက်ခံ သုံးသပ်မှုကိုပင် ရယူခြင်းမပြုခဲ့ပေ။  နိုင်ငံတော်လုံခြုံရေး အကျိုးစီးပွားကြောင့် ချက်ချင်းရောင်းချရန် လိုအပ်သည့် အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကန်က ဆိုသည်။

 

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို ကာကွယ်ရန် အစ္စရေးတပ်ဖွဲ့ဝင်များအား တိုက်တွန်းထားကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလျက်ရှိသော်လည်း အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးလျက်ရှိသည်။ ဘိုင်ဒင်၏ ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမားအချို့က အစ္စရေးသို့ လက်နက်ရောင်းချမှုအပေါ် ပိုမိုစိစစ် ဆောင်ရွက်ရန် တောင်းဆိုလျက်ရှိသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်