မြန်လင်းမောင်
တောင်တန်းဒေသများသည် ကမ္ဘာမြေမျက်နှာပြင်၏ ၂၇ ရာခိုင်နှုန်းဝန်းကျင်ကို ဖုံးလွှမ်းထားပြီး ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲများ၏ ထက်ဝက်ခန့် မှီခိုနေထိုင်လျက်ရှိကြသည်။ ထို့အပြင် ၎င်းတို့သည် လူသားများ၏ ထက်ဝက်ခန့်၏ နေ့စဉ်အသက်တာအတွက် ရေချိုအရင်းအမြစ်များကို ပံ့ပိုးပေးလျက်ရှိသည့်အပြင် စိုက်ပျိုးရေးကို ရေရှည်တည်တံ့စေရန်၊ သန့်ရှင်းသောစွမ်းအင်နှင့်ဆေးဝါးများကို ထောက်ပံ့ပေးလျက်ရှိရာ တောင်တန်းများသည် ကျွန်ုပ်တို့ကမ္ဘာမြေပေါ်ရှိ လူသားများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် လွန်စွာအဖိုးထိုက် တန်လှသည့် သဘာဝရတနာများပင်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသများနေ့
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများအပြားက အပြည်ပြည်ဆိုင်ရာတောင်တန်း ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၁၁ ရက်တွင် ကျင်းပလျက်ရှိသည်။ အဆိုပါ အထိမ်းအမှတ်နေ့ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခံနေရသည့် ပြင်းထန်သောရာသီဥတု ဖြစ်စဉ်များနှင့် လိုက်လျောညီထွေဖြစ်စေရေး တောင်တန်းဒေသ ဂေဟစနစ်များ၏ ဆက်စပ်မှုကိုသတိပြုမိပြီး သဘာဝအခြေခံ ဖြေရှင်းနည်းများ၊ အလေ့အကျင့် ကောင်းများနှင့် ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှုများကို နားလည် သဘောပေါက်လာစေရန်၊ ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချရန်နှင့် တောင်တန်းဒေသများ၏ စွမ်းရည်ကိုမြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိသည်။ ယခုနှစ် ဒီဇင်ဘာ ၁၁ ရက် (ယနေ့) တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာတောင်တန်း ဒေသများနေ့၏ဆောင်ပုဒ်မှာ တောင်တန်း ဂေဟစနစ်များ ပြန်လည်ထူထောင်ရေး ပင်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များ
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း၊ တောင်တန်းဒေသများရှိ သဘာဝအရင်းအမြစ်များအား အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းနှင့် လေထု၊ ရေထု ညစ်ညမ်းခြင်းတို့ကြောင့် တောင်တန်းဒေသနေ လူသားများနှင့် ကမ္ဘာမြေအတွက် အန္တရာယ်ကို တိုးမြင့်လာစေသည်။ ထို့ပြင် ကမ္ဘာ့ရာသီဥတု ဆက်လက်ပူနွေးလာသည်နှင့်အမျှ တောင်ပေါ်ရှိ ရေခဲမြစ်များ အရည်ပျော်မှုကြောင့် ရေချိုထောက်ပံ့မှုကွင်းဆက်များကို ထိခိုက်စေသည့်အပြင် လမ်းပန်းဆက်သွယ်မှု အားနည်းခြင်း၊ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်မှု အားနည်းခြင်းတို့၏ အကျိုးဆက်များကြောင့် ကမ္ဘာ့အဆင်းရဲဆုံး လူ့အသိုက်အဝန်း များဖြစ်ကြသည့် တောင်ပေါ်သားများ၏ အသက်ရှင်ရပ်တည်မှုအတွက် ပို၍ပင် ရုန်းကန်နေကြရသည်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (IPCC)၏ အဆိုအရ တောင်ပေါ်ဒေသရင်း ဇီဝမျိုးစိတ်များ ၏ ၈၄ ရာခိုင်နှုန်းအထိ မျိုးသုဉ်းရန် အန္တရာယ်ရှိနေပြီး အခြားသောတောင်ပေါ် ဒေသရင်း အပင်နှင့်တိရစ္ဆာန်မျိုးစိတ် အများအပြားမှာလည်း မျိုးသုဉ်း အန္တရာယ်ရင်ဆိုင်နေရကြောင်း ခန့်မှန်း ထားသည်။
မိမိတို့မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ တိုင်းရင်းသား အများစုမှာ တောင်တန်းဒေသများတွင် မှီခိုနေထိုင်ကြသူများဖြစ်သည်။ အထူးသဖြင့် ပဲခူးရိုးမတောင်တန်းဒေသများနှင့် ရခိုင်ရိုးမ တောင်တန်းများတွင် ချင်းတိုင်းရင်းသားများ၊ နာဂတိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားများ၊ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင်တောင်တန်းဒေသ များတွင် ဂျိန်းဖော၊ ရဝမ်၊ လီဆူအစရှိသည့် ဌာနေတိုင်းရင်းသားများ၊ ရှမ်းရိုးမ တောင်တန်းဒေသများတွင် ရှမ်း၊ ကယား အစရှိသည့် ဌာနေတိုင်းရင်းသားများ သည် တောင်တန်းဒေသများတွင် စုပေါင်း နေထိုင်ကြသည့် လူမျိုးစုများဖြစ်ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ၄၇ ရာခိုင် နှုန်းသည် ဟိမဝန္တာဒေသတွင်း ကျရောက် နေပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အချက်အချာ နေရာများဖြစ်သော အင်ဒို-မြန်မာ၊ တရုတ်အနောက်တောင် တောင်တန်း များနှင့် ဟိမဝန္တာဒေသများ၏ ဂေဟဗေဒ ဆိုင်ရာ ကူးပြောင်းမှုဧရိယာအတွင်း တည်ရှိနေသည့်အပြင် ကချင်ပြည်နယ် မြောက်ပိုင်း တောင်တန်းဒေသတွင် သဘာဝထိန်းသိမ်းရေးနယ်မြေရှစ်ခု နိုင်ငံဧရိယာ၏ ၂ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တောင်ပေါ် ဒေသများတွင် နေထိုင်သည့် ဌာနေတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အများစုကို တောင်တန်းဒေသများ၏ သဘာဝ အရင်းအမြစ်များအပေါ်တွင်သာ မှီခိုလုပ်ကိုင်နေကြရသဖြင့် တောင်တန်း ဒေသများရှိ သဘာဝအရင်းအမြစ်များ လျော့နည်းဆုံးရှုံး လာသည်နှင့်အမျှ ဌာနေတိုင်းရင်းသားများ၏ အသက်ရှင်ရပ်တည်မှုနှင့် စီးပွားရေးလုပ်ငန်းများ အတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် တောင်တန်းဒေသများ၏ ဂေဟစနစ်များ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ခြင်းသည် အဆိုပါ ဌာနေတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝနှင့် ရိုးရာယဉ်ကျေးမှုများ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ခြင်းပင်ဖြစ်သည်။
နေရင်းဒေသများ ထိခိုက်
ယနေ့အချိန်အခါတွင် တောင်တန်းဂေဟစနစ်များသည် လေထုညစ်ညမ်းမှုကြောင့် ခြိမ်းခြောက်ခံနေရသည့်အပြင် မိုက်ခရိုပလတ်စတစ်များသည် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်အထိပင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် မတ်စောက်သော တောင်စောင်းဒေသများ၌ စိုက်ပျိုးရေးလုပ်ဆောင်ရန်၊ အခြေချနေထိုင်ရန် သို့မဟုတ် အခြေခံအဆောက် အအုံများ တည်ဆောက်ရန်အတွက် သစ်တောများ ခုတ်ထွင်ရှင်းလင်းခံရမှုများကြောင့် မြေဆီလွှာတိုက်စားခြင်း အပြင် ဇီဝမျိုးစုံမျိုးကွဲများ၏ နေရင်း ဒေသများ ထိခိုက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် မြေဆီလွှာတိုက်စားမှုနှင့် လေထုညစ်ညမ်းမှုသည် မြစ်အောက်ပိုင်းသို့ စီးဆင်းနေသော ရေအရည်အသွေးနှင့် မြေဆီလွှာကို ထိခိုက်စေသည်။ စင်စစ်အားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျေးလက် နေ တောင်သူ ၃၁၁ သန်းကျော်သည် မြေဆီလွှာတိုက်စားခံရမှုများ ကြုံတွေ့နေရသော တောင်စောင်းဒေသများတွင် နေထိုင်နေကြပြီး ကမ္ဘာ့လူဦးရေ ၁၇၈ သန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်ကို ခံစားနေကြရသည်။ အဆိုပါ ပြဿနာများသည် ကျွန်ုပ်တို့ လူသားများ အားလုံးအပေါ်တွင် သက်ရောက်မှုရှိသဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချ ခြင်းနှင့်အတူ တောင်တန်းဒေသ သဘာဝ ရတနာများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။