နေပြည်တော်၊ ဒီဇင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံနှင့် သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ရေရရှိရေးနှင့် စက်မှုလယ်ယာစနစ် ဖော်ဆောင် ပေးနိုင်ရေး၊ သွင်းအားစုမှန်ကန်အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ စီမံခန့်ခွဲအသုံးပြုခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှု မြှင့်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ဒေသ သုတေသနဗဟိုဌာန (မကွေး)ခြံတွင် ဆောင်ရွက်ထားရှိသည့် တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများစမ်းသပ် စိုက်ပျိုးထားရှိမှု၊ မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး သရုပ်ပြစမ်းသပ်ကွက်၊ ရေသွင်းနည်းစနစ် အမျိုးမျိုး အသုံးပြု၍ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနှင့် သင့်လျော်သည့် အထွက်ကောင်း အရည်အသွေးကောင်း သီးနှံမျိုးများနှင့် စပ်မျိုးများ သုတေသနပြု မျိုးမွေးမြူ ရွေးချယ်ပေးရန်လိုအပ်ချက်များ၊ လက်တွေ့အသုံးချသုတေသန ရလဒ်များအား သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဌာနများနှင့် ပူးပေါင်း၍ တောင်သူများ လက်ဝယ်အရောက် ပို့ဆောင်ပေးရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့ပိုးသတ်ဆေးများ ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်က ဆောင်ရွက်လျက်ရှိသည့် တမာပိုးသတ်ဆေး စမ်းသပ်ကြိတ်ခွဲ ထုတ်လုပ်နေမှု၊ ဂွတ်ဘရားသားကုမ္ပဏီ၏ နွားနောက်၊ နို့စားနွားနှင့် ဒေသနွားများ မွေးမြူထားရှိမှု၊ တောင်သူနှင့် မွေးဖက်ပေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်