နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

နေပြည်တော်ကောင်စီဉက္ကဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (တိုင်းအဆင့်) အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယခုသင်တန်းတွင် တက်ရောက်နေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတလူမှုရေး အဖွဲ့အစည်းများအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသဘောတရားများကို သေချာစွာ နားလည်သဘော ပေါက်မှသာ သဘာဝဘေးလျော့ပါးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရရှိသည့် အသိပညာ၊ ဗဟုသုတ အတွေ့အကြုံများကို မိမိတို့မြို့နယ်များတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင် ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သင်တန်းသား၊ သင်တန်းသူအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် သင်တန်းသင်ထောက်ကူ ပစ္စည်းများကို ကြည့်ရှုအားပေးသည်။

 

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး  တိုင်း၊  ခရိုင် နှင့် မြို့နယ်များရှိ ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံကြက်ခြေနီနှင့် ပရဟိတ သင်တန်းသား၊ သင်တန်းသူ (၅၀) တက်ရောက်ကြကာ သင်တန်းကာလကို ဒီဇင်ဘာ (၁၁) ရက်မှ (၁၅) ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည့် နေပြည်တော် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း လည်ပတ်နိုင်သည့် အထင်ကရခရီးစဉ် (၃၈) နေရာနှင့် ပတ်သက်၍ မြှင့်တင်ကြော်ငြာမှု လုပ်ငန်းများကို ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊  ရာသီအလိုက်ပွဲတော်များ ကျင်းပနိုင်ရေးနှင့် နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် ခရီးသွားကဏ္ဍ အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးသွားနေရာများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ လာရောက်တည်းခိုနေထိုင်ရေးနှင့် လည်ပတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်