နေပြည်တော်၊ ဒီဇင်ဘာ   ၁၁

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ( ၂ ) Plenary Hall ၌ အခမ်းအနားပြင်ဆင်နေမှု၊ ပြခန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ LED ဘုတ်များ တပ်ဆင်မှု၊ လျှပ်စစ်မီးနှင့် အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

 

ဂါရဝပြုတွေ့ဆုံ

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဆင်ဖြူရှင်ဧည့်ရိပ်သာ၌ ၂၀၂၂ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသား စာပေဆုရ စာပေပညာရှင်ကြီးများအား သွားရောက် ဂါရဝပြုတွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေဆုရပညာရှင်များ၊ ဆုရွေးချယ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က စာပေပညာရှင်များနှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဆုပေးပွဲကျင်းပမည့် အခမ်းအနားကို နိုင်ငံတော်အဆင့်အဖြစ် ပြင်ဆင်ထားပါကြောင်း၊ ယခင်နှစ်ကထက် ပိုမိုကောင်းမွန်သည့် အစီအစဉ်ကောင်းများ ထည့်သွင်းကျင်းပရန် စီစဉ်ထားပါကြောင်း၊ စာပေလေ့လာနိုင်ရန်အတွက် သုတ၊ ရသစာပေပြခန်းများလည်း ပြင်ဆင်ထားရှိပါကြောင်း၊ တစ်သက်တာဆုရှင်များ အနေဖြင့် တပ်မတော်ဆေးရုံတွင် အခမဲ့ဆေးကုသနိုင်ပါကြောင်း၊ ဧည့်ရိပ်သာတွင်လည်း နေထိုင် စားသောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အိပ်ဆောင်များ၊ စားရိပ်သာနှင့် စားချက်ဆောင်များအပြင် ကျန်းမာရေး တစ်စုံတစ်ရာဖြစ်ပေါ်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးပေးခန်းလည်း စီစဉ်ထားရှိပါကြောင်း၊ စာပေပညာရှင်ကြီးများ အနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုနိုင်ရန်လည်း စီစဉ်ထားပါကြောင်း၊ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ချင်သူများအနေဖြင့်လည်း စစ်ဆေးနိုင်ရန် စီစဉ်ထားပါကြောင်း ပြောကြားသည်။

 

အမှတ်တရလက်ဆောင်ပေးအပ်

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရ စာပေပညာရှင်ကြီးများက ဆုရရှိသည့် စာအုပ်များနှင့် အခြားစာအုပ်များကို အမှတ်တရလက်ဆောင်ပေးအပ်သည်။

 

သတင်းစဉ်