လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည့်  ကောလာဟလ၊ သတင်းတု၊ သတင်းမှားများကို အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး၊ အထင်အမြင်လွဲမှားမှုများ မဖြစ်စေရေးတို့အတွက် မည်သည့်ပြည်ဖျက်မီဒီယာက ရေးသားဖြန့်ဝေသည့်  မည်သည့်သတင်းသည်  သတင်းတု သတင်းမှားသာဖြစ်ကြောင်း နေ့စဉ်နှင့်အမျှ သတင်းများထုတ်ပြန်နေရသည်။ မီဒီယာတို့မည်သည် သတင်းအစစ်၊ သတင်းအမှန်များဖြင့် နိုင်ငံနှင့်ပြည်သူ လူထု၏အကျိုးစီးပွားဖြစ်ထွန်းမှုကို  ရှေးရှုသင့်သော်လည်း တိုင်းတစ်ပါး၏ အထောက်အပံ့ကို  နောက်ကွယ်မှရယူပြီး မိမိနိုင်ငံ အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ချက်ဖြင့် မမှန်ကန်သည့် လုပ်ကြံဖန်တီးသတင်းများ ရေးသားဖြန့်ဝေနေကြသည့် မီဒီယာအမည်ခံများကို ပြည်ဖျက်မီဒီယာအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ၎င်းတို့ရေးသားဖြန့်ဝေနေသည့် သတင်းများကိုလည်း လက်ခံ ယုံကြည်မှုမရှိရန်၊ အမှတ်တမဲ့ထပ်ဆင့်ဖြန့်ဝေမှု မပြုရန်လိုသည်။

 

အွန်လိုင်းတွင်တွေ့ရှိရသည့် သတင်းတစ်ပုဒ်ကို ဟုတ် မဟုတ်၊ မှန် မမှန် ဆန်းစစ်နိုင်ရန်မှာ သတင်းထုတ်ပြန်သည့် အရင်းအမြစ်သည် မည်သည့်သတင်းဌာနဖြစ်သည်ကိုလည်းကောင်း၊ သတင်း ၏ ရည်ရွယ်ချက်သည် အဘယ်နည်းဆိုသည်ကိုလည်းကောင်း ဂရုပြုဖော်ထုတ်နိုင်ရန်လိုသည်။ ထို့အပြင် သတင်း၌ ဖော်ပြပါရှိသော ကိန်းဂဏန်းအချက်အလက်များ မှန် မမှန်၊ မည်သည့်အဖွဲ့အစည်းမှ ကိန်းဂဏန်းများကို ရယူထားသည်ဆိုသည့်အချက်ကိုလည်း သတိဖြင့် ဆန်းစစ်သင့်သည်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။ သတင်းနှင့်စပ်လျဉ်း၍ မှန်ကန်ခိုင်မာမှုကို အထောက်အကူ ဖြစ်သည့် အချက်အလက်များ စစ်တမ်းကောက်ယူရာတွင်လည်း လူများစုကြီး၏ ယေဘုယျအမြင်ကို ဘက်မလိုက်ဘဲ မျှတစွာရယူထားသည့် အချက်အလက်များ ဟုတ် မဟုတ် စိစစ်လေ့လာနိုင်ရန်လည်း လိုသည်။

 

သတင်းတု၊ သတင်းမှားများ ထွက်ပေါ်လာပါက တုံ့ပြန်ဖြေရှင်း ခြင်းသည် အဆိုပါသတင်းအမှားကို လူအများပိုမိုဂရုပြုမိလာ စေပြီး ပိုမိုပျံ့နှံ့စေသည်ဟူသော အယူအဆဖြင့် တုံ့ပြန်ဖြေရှင်းမှု မပြုရန် အကြံပြုမှုများလည်းရှိသည်။ လူတို့၏ အလေ့အထမှာ သတင်းအမှားကို လက်ခံယုံကြည်မိပြီးပြီဆိုပါက နောက်ထပ် သတင်းအမှန်ထွက်ပေါ်လာစေကာမူ ယုံကြည်ပြီးသားအမှားကို မစွန့်လွှတ်နိုင်ကြဟုလည်း ဆိုသည်။ မည်သို့ပင်ဆိုစေ နိုင်ငံနှင့်ချီသည့် အရေးအရာကိစ္စများ၊ ပြည်သူလူထုနှင့်ဆိုင်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ကောလာဟလများ၊ သတင်းတု သတင်းမှားများကို မဟုတ်မမှန်ကြောင်း၊ မှားယွင်းကြောင်း ထုတ်ပြန်ခြင်း၊ သတင်းမှန် ဖြစ်ရပ်မှန်ကို အချိန်နှင့် တစ်ပြေးညီ ပြည့်စုံမှန်ကန်စွာ ထုတ်ပြန်ခြင်းမှာ မဖြစ်မနေ လုပ်ရမည့်အလုပ်ဖြစ်သည်။ သတင်း၏ သဘောသဘာဝအရ သတင်းတစ်ပုဒ်၏နောက်တွင် အကျိုးသက်ရောက်မှုတို့ဖြစ်ပေါ် စမြဲဖြစ်ရာ မသမာသူများ၊ ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများ ရေးသားဖြန့်ဝေခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံ နှင့် ပြည်သူလူထုအတွင်း တုန်လှုပ်ချောက်ချားမှု၊ မတည်ငြိမ်မှု၊ အကြမ်းဖက်မှု၊ အထင်အမြင်လွဲမှားမှု၊ မုန်းတီးနာကြည်းမှု၊ ဒေါသအမျက်ထွက်မှု စသည်တို့ဖြစ်ပေါ်လာပြီး ထိန်းမနိုင် သိမ်းမရနှင့် အလုံးစုံပျက်သုဉ်းသွားစေရန်ပင် ဖြစ်သည်။ တိုင်းပြည်ပြိုကွဲ ပျက်စီးမှုကို ပြည်သူများ နားယောင်လက်ခံလာစေရန် နှတ်ကြောင်းပေး ရေးသားဖော်ပြဖြန့်ဝေမှုများကို မကြာခဏဆိုသလို တွေ့မြင်နေရာ သတိပြုဖယ်ရှားသွားနိုင်ရန်လိုသည်။

 

နည်းပညာများ အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်နေသည်နှင့်အညီ သတင်းတု၊ သတင်းအမှားများမှာ အစစ်အမှန်နှင့် ခွဲခြား၍ မရနိုင်လောက်သည်အထိ တွေ့ကြုံလာကြရဖွယ်ရှိသည်။ သတင်းဟုဆိုပြီး မြင်မြင်သမျှ၊ ကြားကြားသမျှသော သတင်း စာသား၊ ဓာတ်ပုံ၊ ရုပ်ပုံ၊ အသံ၊ ရုပ်ရှင်တို့အထိ ဟုတ် မဟုတ်၊ မှန် မမှန် ဆန်းစစ်ဝေဖန်ကြရန်လိုသည်။ သတင်းတု သတင်းမှားသည် လူတစ်ယောက်၏ ဘဝနှင့် အသက်အန္တရာယ်မှအစပြုကာ နိုင်ငံတစ်ခုလုံး မတည်မငြိမ်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နိုင်သည်အထိ အန္တရာယ်ဖြစ်ပေါ်စေ နိုင်သည်ကို အလေးဂရုပြု၍ အမှားအမှန် ခွဲခြားသိမြင်နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း