နေပြည်တော်၊ ဒီဇင်ဘာ ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား ယခင်ကတည်းက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ယခင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု၊ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး တာဝန်ပြီးဆုံးသော်လည်း UNFPA ဌာနေကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ချိန်တွင် ဝန်ကြီးဌာန၏ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် တတ်နိုင်သမျှပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်၊ ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်နေမှုနှင့် ဝန်ကြီးဌာနနှင့် UNFPA တို့အကြား သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်