နေပြည်တော် ဒီဇင်ဘာ ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ကျင်းပသော ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သော သင်တန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၏ အပိုင်း(၃)ခုဖြစ်သည့် ဘေးမဖြစ်မီ ဆောင်ရွက်ရမည့် အစီအမံများ၊ ဘေးဖြစ်နေစဉ် တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များ၊ ဘေးဖြစ်ပြီးနောက် လုပ်ဆောင်ရမည့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး အစီအစဉ်များ စသည့် ကာလအပိုင်းအလိုက် ဆောင်ရွက်ရန်များအပြင် အခြားဗဟုသုတဖြစ်စေနိုင်မည့် ဘေးအန္တရာယ်နှင့် ဆက်စပ်သည့် အကြောင်းအရာများကို လေ့လာကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း မိမိတို့၏အတွေ့အကြုံများနှင့် ပေါင်းစပ်၍ အချင်းချင်း ဆွေးနွေးခြင်း၊ ပူးပေါင်းလုပ်ဆောင်ကြခြင်းတို့ဖြင့် သင်တန်းကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုပြီး အတွေ့အကြုံ ဗဟုသုတများ ရယူကြရန်နှင့် ရရှိသည့် အသိပညာ ဗဟုသုတတွေများကို ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ၌ မိမိတို့၏ ပင်မတာဝန်များနှင့် ချိတ်ဆက်အသုံးပြု ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားသည်။
သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း (၅၉)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၂ ရက်ထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်