မိုးမြင့်
ယခုလတ်တလော မြန်မာနိုင်ငံက စက်သုံးဆီဆိုင်တွေဟာ ဆိုင်ကရောင်းဖို့သတ်မှတ်ထားတဲ့အချိန်လောက်မှာ သွားတန်းစီနေရတယ်၊ တစ်မိုင်အရှည်လောက်ထိ ယာဉ်ဆိုင်ကယ်တန်းအရှည်ကြီးမှာ စိတ်ရှည်သည်းခံစွာနဲ့ တန်းစီ စောင့်ဆိုင်းရတာက အလုပ်တစ်ခုဖြစ်နေတယ်၊ တစ်နာရီခွဲလောက်အရောက်မှာ ဆိုင်နားလည်းရောက်ရော ကိုယ်လိုချင်တဲ့ ဓါတ်ဆီကမရတော့ဘဲ ဒီဇယ်ပဲရတော့မယ်ဆိုပြီးဖြစ်သွားတတ်တာလည်း ကြုံဖူးပါပြီ၊၊ အချိန်ကုန် မောတာအဖတ်တင်၊ စက်သုံးဆီဆိုင်ဆီမောင်းလို့ ကုန်သွားတဲ့ဆီပမာဏလေးက မပြောပလောက်ပေမဲ့ ခုလိုကာလ ခြိုးခြိုးခြံခြံနေရတဲ့ဘဝမှာ ဒီကုန်သွားတဲ့ ပမာဏလေးသည်ပင် ကိုယ့်အတွက် အရေးကြီးနေပြန်ကော၊ လိုအပ်လို့ မလျှော့သောဇွဲနဲ့ နောက်တစ်ဆိုင်ကူးပြန်ရင်လည်း မသေချာ၊ တစ်ခါအချိန်အကြာကြီး တန်းစီတိုးပြီးမှ တပ်ခေါက်ပြန်ခဲ့ ရတာလည်းရှိရဲ့။ တစ်ခါတလေ တစ်ချို့ဆိုင်တွေက အကန့်အသတ်နဲ့ နှစ် သောင်းဖိုး၊ သုံးသောင်းဖိုးလောက်ဆီဖြည့်ပြီး မတတ်နိုင်တဲ့အခါ အခေါက်ခေါက်အခါခါ ရောက်ရပြန်တယ်၊၊ ဆီထည့်ဖို့တန်းစီရင်း ဆီဈေးမော်ကြည့်မိရင် ကားထဲဆီပြတ်မှာစိုးလို့ ဘုရားတမိအခါခါ ကုသိုလ်အကုသိုလ်ယှဉ်လျက်ပေါ့.....။
နိုင်ငံတကာမှာလည်းထို့အတူ
လူတန်းစားမရွေးကြုံရတဲ့ ခံစားချက်များ စိတ်ကူးများနဲ့ထပ်တူ သာမန်မြန်မာပြည်သူတစ်ယောက်ရဲ့ လတ်တလော အခြေအနေလေးပါပဲ၊
မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုနဲ့ပတ်သက်ပြီး ဒါတွေဘာကြောင့်ဖြစ်နေရသလဲ.. ဆန်းစစ်တဲ့အခါ..မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်းတက်ခြင်းဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် မပိုဘူးဆိုတာလည်း သတိထားမိပြန်ရဲ့..။ တရိပ်ရိပ် တက်လာနေတဲ့ စက်သုံးဆီဈေးအခြေအနေဟာ ၂၀၂၂ ခုနှစ်အကုန်လောက်နဲ့ ၂၀၂၃ ခုနှစ် သင်္ကြန်မတိုင်ခင်ကစပြီး မှတ်မိသလောက် ပိုတက်လာဟန်တူပါတယ်၊ နိုင်ငံတကာမှာလည်း အတူတူပါပဲ၊ အမေရိကန်လိုရေနံထွက်တဲ့နိုင်ငံအပါ အခြားဖွံ့ဖြိုးပြီးဝင်ငွေကောင်းတဲ့နိုင်ငံတွေမှာလည်း ထို့အတူ၊ ထိုနိုင်ငံကပြည်သူတွေလည်း စက်သုံးဆီဈေးတက်တဲ့
ဒဏ်ခံစားကြရပြီး ဆီတစ်လီတာဈေးနှုန်းချင်းနှိုင်းယှဉ်ရင် ထိုနိုင်ငံတွေမှာ များလှတယ်ဆိုပေမယ့် ဝင်ငွေကောင်းတော့ အထောင်းသက်သာနေတာပေါ့၊၊ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းနဲ့ ကမ္ဘာ့နိုင်ငံရေးဆက်စပ်တယ်ဆိုတဲ့အချက်ကလည်း မမေ့သင့်တဲ့အချက်ပါ။ ကမ္ဘာမှာ ကျည်ဆံစစ်ပွဲကနေ ရေနံစစ်ပွဲပြောင်းနေပုံများကို လေ့လာသင့်ပါတယ်။
ကောလဟာလထောင်ချောက်ကိုသတိထားရန်
မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအမြတ်ထုတ်ဖို့ တိုက်ပွဲတွေဖော်ဆောင်ရင်း စီးပွားရေးအရပါ အမြတ်ထုတ်ပြီး အကျပ်အတည်းတစ်ခုပြီးတစ်ခုဖန်တီး၊ ဂယက်ရိုက်ခတ်နေအောင် တမင်အကွက်ဆင်တတ်တာလည်း ရိုးအီနေပါပြီ။ နိုင်ငံတော်အစိုးရကို အကျပ်ရိုက်အောင်လုပ်ရင်း ပြည်သူတွေထံက မကျေနပ်တဲ့အသံတွေ နားစွင့်၊ လူထုကိုအာရုံပြောင်း ထွက်ပေါက်ဖန်တီးပြီး လူထုအုံကြွမှုထောင်ချောက်ကို ဖန်တီးတတ်တဲ့အချက်ကို တည်ငြိမ်အေးချမ်းမှုလိုလားတဲ့ ပြည်သူမှန်သမျှ သတိပြုမိဖို့လိုပါတယ်။
အတုအယောင်နိုင်ငံရေးနဲ့ စီးပွားရေး ဝိသမလောဘဇောဇာတ်လမ်းနဲ့ စက်သုံးဆီပြဿနာရဲ့နောက်ဆက်တွဲ ကုန်စည်ပို့ဆောင်မှု ၊ ရှားပါးမှု၊ ဈေးတက်မှုစတဲ့ သက်ရောက်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ အစိုးရလည်းအခက်တွေ့၊ ပြည်သူလည်းဒုက္ခကြုံအောင် လုပ်တတ်တဲ့သဘောသဘာဝများကို သတိထားမိအောင်ပါ။ ဒီလိုထောင်ချောက်မျိုးကို အဖျက်သမားတွေဟာ ကောလာဟလ သတင်းတု၊ သတင်းမှားမျိုးစုံနဲ့ ဖန်ဆင်းပြီး လူထုကိုစိုးရိမ်ထိတ်လန့်မှုတွေနဲ့ တိုင်းပြည်ကို ဖရိုဖရဲဗရုတ်ဗရက်ဖြစ်အောင် လုပ်နေခြင်းဖြစ်ပါတယ်။
ဘယ်လိုကောလာဟလမျိုးဖြစ်နိုင်ပါသလဲ။ နိုင်ငံခြားသုံးငွေပြတ်လပ်နေပြီ၊ စက်သုံးဆီပြတ်လပ်နေပြီ၊ နိုင်ငံခြားက အဝင်မရှိတော့ဘူး၊ စက်သုံးဆီဈေးနှုန်းတွေက ဘယ်လောက်တောင်မြင့်တက်သွားတာ၊ လူတွေတန်းစီးရတာ ဘယ်နှစ်မိုင်လောက်ရှိတယ်၊ ဘယ်ဆိုင်တွေကတော့ ပိတ်ထားလိုက်ပြီစသည်ဖြင့် အမှားနဲ့အမှန်ရောရာ လက်ရှိဖြစ်နေတဲ့အခြေအနေထက်ပိုဆိုးသယောင် ဖောင်းဖောင်းပွပွဖြန့်လိုက်တဲ့ သတင်းအချက်အလက်တွေကြောင့်က အဓိကဖြစ်နေပါတယ်။
ကြိုးစားဖြေရှင်းဆောင်ရွက်ပေးလျှက်ပါ
စက်သုံးဆီတင်သွင်းမှုကို နိုင်ငံအတွက် ဦးစားပေးအဆင့် (၁)မှာ အစဉ်တစိုက် သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်၊ ကဏ္ဍအားလုံးမှာ အရေးတကြီးလိုအပ်ချက်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့က စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနဲ့ ဈေးနှုန်းအပိုင်းမှာ ဈေးနှုန်းတည်ငြိမ်နေအောင်နဲ့ လုံလောက်မှုရှိအောင်ကိုပါ တတ်နိုင်သမျှ ကြိုးစားပြီးဆောင်ရွက်ဖြေရှင်းပေးနေတာ တွေ့ရပါတယ်၊၊ နေ့စဉ်စက်သုံးဆီဈေးနှုန်းကအစ ဆောင်ရွက်ချက်များကို တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ပြည်သူထံ ချပြနေတာ ရှိပါတယ်။ သက်ဆိုင်ရာတင်သွင်းတဲ့နိုင်ငံကနေ နေ့စဉ်ဖြစ်နေတဲ့ဈေးနှုန်း၊ အနည်းဆုံးအခွန်အကောက်နဲ့ သယ်ယူ ပို့ဆောင်ရေးစရိတ်ရယ်ပေါင်းပြီးတော့မှ နေ့စဉ်ဈေးနှုန်းသတ်မှတ်ပြီး တည်ငြိမ်အောင်ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ပြောကြားချက်တစ်ခုကို မှတ်သားဖူးပါတယ်။
နိုင်ငံတော်ဘက်က ပို့ကုန်သွင်းကုန်နဲ့ပတ်သက်ပြီး လတ်တလောဖြေလျှော့မှုတချို့ကိုလည်း မှတ်သားမိလိုက်ပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပြင်ဆင်သတ်မှတ်ချက်မှာ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်တင်ပို့လို့ ပို့ကုန်ရငွေပမာဏရဲ့ ကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ရမယ့် မူလဖြေလျှော့ချက် ၅၀% ကနေ ၃၅% သို့ လျှော့ချသတ်မှတ်လိုက်ခြင်းအမိန့်ကြော်ငြာစာတစ်ခုကို လေ့လာတဲ့အခါ ကျန် ၆၅% ကို ပြင်ပပေါက်ဈေးအတိုင်းလဲလှယ်ဆောင်ရွက်ခွင့်ရတဲ့သဘောကို တွေ့ရပါတယ်။ ပို့ကုန်အတွက် လွပ်လပ်စွာဆောင်ရွက်ခွင့်ပေးရင်း သွင်းကုန်အတွက် လိုအပ်တဲ့နိုင်ငံခြားငွေရလာအောင်နဲ့ နိုင်ငံခြားငွေစီးဆင်းမှုအားကောင်းလာအောင် ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ယခုလို ပြင်ပတင်ပို့မှုနဲ့ဆက်စပ်ပြီး သွင်းကုန်တင်သွင်းတဲ့အခါမှာလည်း မိမိရဲ့နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေး အတိုင်း စီမံဆောင်ရွက်သွားနိုင်တော့မဲ့အနေအထားကို အခွင့်အလမ်းတစ်ခုအဖြစ် မြင်စေချင်ပါတယ်။ ယခုလို အပြောင်းအလဲကြောင့်သာ စက်သုံးဆီတင်သွင်းသူတွေအနေနဲ့ ဒေါ်လာရဖို့ခက်ခဲမှုတချို့ လတ်တလော ကြုံတွေ့နေ ရခြင်းဖြစ်ပါတယ်၊၊ နိုင်ငံတော်ဘက်ကတော့ ငွေလဲတဲ့အခါမှာ လိုအပ်တဲ့ပမာဏနဲ့ ချိန်ညှိဆောင်ရွက်နေရတာရှိသလို လိုရင်လိုသလောက် လုံလုံလောက်လောက်ရဖို့ လုပ်ငန်းအသစ်တွေ ဖော်ဆောင်နေရခြင်းမျိုးတွေလည်း ရှိပြီးဖြစ်ပါတယ်၊ ဥပမာ- ရုရှားနိုင်ငံနဲ့ ဆက်သွယ်ထားရှိမှုဖြစ်ပါတယ်။
ဆီမရှိလို့မဟုတ်၊ ဆီတင်သင်္ဘောတွေကရောက်ပြီးသား၊ ရောက်ရှိပြီးစက်သုံးဆီလည်း လုံလုံလောက်လောက်ရှိပါတယ်လို့ တာဝန်ရှိသူများက အကြိမ်ကြိမ်ပြောပြီး ဖြစ်ပါတယ်။ ပြောခဲ့သလို ငွေလဲလှယ်မှုနဲ့ လိုအပ်တဲ့ပမာဏတစ်ခုကြောင့်သာ ခေတ္တပြတ်သလို ဖြစ်သွားတာဖြစ်တဲ့အတွက် အစိုးရိမ်မကြီးဖို့နဲ့ ကောလာဟလတွေကို မယုံကြည်ဖို့ကိုသာ ထပ်မံတင်ပြ ချင်ပါတယ်။ စိုးရိမ်မှုလွန်ကဲပြီး များများထည့်၊ အများကြီးတန်းစီဖြစ်သွားတာလည်း နားလည်မှုပေးနိုင်ပါတယ်။ ပြောချင်တာက အလွန်အမင်းပူပန်သောကမဖြစ်ဖို့နဲ့ ကိုယ့်ကားထဲ၊ ကိုယ့်ဆိုင်ကယ်ထဲ လိုသလောက်သာဖြည့်ဖို့ပါ။ ထွက်လာတဲ့သတင်းတွေကိုလည်း ဖြစ်နိုင်မဖြစ်နိုင် ချင့်ချိန်စဉ်းစားစေချင်တယ်၊ အားလုံးက သတင်းအချက်အလက်နဲ့ ကိုယ့်ရဲ့လိုအပ်ချက် သုံးသပ်ချင့်ချိန်ပြီးအများအတွက်ပါ မျှဝေလိုတဲ့ကိုယ်ချင်းစာစိတ်လေးနဲ့လုပ်ကြကိုင်ကြရင် အလွန်ကောင်းသွားမှာပါ။ ဘယ်ကုန်ပစ္စည်းအမယ်ပဲဖြစ်ဖြစ်ပါ ရုတ်တရက်ပြတ်လပ်သွားအောင်ကော ဈေးနှုန်း တက်သွားတဲ့နေရာမှာမှာပါ ကိုယ်ကိုယ်တိုင်တစ်ဦးတစ်ယောက်ချင်းကြောင့်လည်း ပါပါတယ်၊ ကိုယ့်ကြောင့် မလိုအပ်ဘဲ ဆိုးကျိုးဖြစ်သွားတတ်တဲ့သဘောလေးတွေကို သတိမူမိစေလိုပါတယ်။
အရောင်းနဲ့အဝယ်အကြားမမျှတလျှင်
အရောင်းနဲ့အဝယ်အကြား မျှတမှုယိမ်းယိုင်သွားရင် ဖြစ်တတ်တဲ့သဘောတရားတစ်ခုကိုလည်း တွေ့နိုင်ပါတယ်။ ရှေ့ကဝယ်ဖြည့်သူတွေက လိုတာထက်ပိုပြီးဖြည့်လိုက်တဲ့အတွက် လက်ကျန်မရှိတော့တဲ့ အခြေအနေမှာ ကောလာ ဟလကတစ်ခါထပ်ဆင့်ပြီး ဝယ်လက်အရေအတွက် မတန်တဆများပြားလာတဲ့အထိ ထပ်ဆင့်သက်ရောက်မှုတွေ ရှိလာခြင်းပါတယ်။
ကျွန်တော်တို့ သတိထားသင့်တာက နေ့စဉ်ကိုယ်ကသွားတန်းစီတိုင်း ဆီဝယ်လို့ရနေတယ်ဆိုရင် စက်သုံးဆီ အဝင်ရှိနေတယ်၊ ပြတ်လပ်မှုမရှိဘူးလို့ ကောက်ချက်ချလို့ရနေပြီပဲ။ မြန်မာ့ပင်လယ်ဝမှာကော၊ ဆိပ်ကမ်းမှာပါ ဆီတင် သင်္ဘောတွေရှိနေပါတယ်၊ အသင့်စောင့်ဆိုင်းနေကြတယ်၊ ဆိပ်ကမ်းကနေ ဆီသယ်ယာဉ်တွေနဲ့လည်း အဆက်မပြတ် သယ်ယူဖြန့်ဖြူးပေးနေတဲ့ သတင်းတွေလည်း ချပြပြီးသားပါ။ ဒါကြောင့် လက်ရှိအခြေအနေမှာ အလွန်အမင်းစိုးရိမ်စရာ မရှိဘူးလို့ ယူဆပါတယ်။
နောက်တစ်ချက်က အခေါက်ခေါက်အခါခါတန်းစီ၊ ထုတ်ယူ၊ သိုလှောင်၊ အမြတ်တင်ပြန်ရောင်းတဲ့ကိစ္စပါ၊ ဒါကလည်း တန်းစီစောင့်စားရခြင်း အကြောင်းတရားများထဲကတစ်ခုပါ။ တစ်ဦးချင်း၊တစ်စီးချင်း၊ ချက်ချင်းဝယ်၊ ချက်ချင်းရောင်း ရာကနေ ကား၊ ဆိုင်ကယ်အုပ်စုလိုက် အထပ်ထပ်တန်းစီပြီး တရားမဝင်သိုလှောင်ရောင်းချကြတဲ့မြင်ကွင်းတွေအထိကို တွေ့လာရတာဖြစ်ပါတယ်။ ယခုလို တရားမဝင် သိုလှောင်ရောင်းချမှုမျိုးဟာ အခန့်မသင့်ရင် မီးဘေးအန္တရာယ်ကအစ ဥပဒေများနဲ့ပါညိစွန်းပြီး မလိုလားအပ်ဘဲ အပြစ်ပေးအရေးယူခံရမှုမျိုးတွေဖြစ်လာနိုင်ခြေကိုလည်း သတိထားပြီး ရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။
အဓိက ကတော့ နှစ်ချက်ပါပဲ။ ကိစ္စရပ်တစ်ခု အဖြစ်အပျက်တစ်ခုအပေါ်မှာ မူလအရင်းခံအကြောင်းတရားကဘာလဲ၊ လတ်တလောဖြစ်ရတဲ့ အကြောင်းတရားကဘာလဲ၊ ပတ်သက်ဆက်နွယ်နေတဲ့ အကြောင်းတွေက ဘာတွေရှိမလဲ စသဖြင့် ဘာမဆိုအကြောင်းကြောင့် အကျိုးဖြစ်ရတဲ့အပေါ် မူတည်ပြီး ဆင်ခြင်တုံတရားရှိရှိနဲ့ ထွက်ပေါ်လာတဲ့ ကောလာဟလများကို မယုံကြည်ဖို့နဲ့ ကိုယ်ချင်းစာကရုဏာတရားရှိတဲ့ နိုင်ငံသားကောင်းများ ပီသစေချင်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ချိန်လုံးကောလာဟလများနဲ့သာ နပန်းလုံးနေရသလိုဖြစ်ပြီး အကြိမ်ကြိမ် အခါခါလည်း လိမ်ညာခံရသူတွေဖြစ်ခဲ့ပါပြီ။ အတိတ်ကအခါခါရခဲ့ဖူးတဲ့ သင်ခန်းစာတွေကိုရယူပြီး ယခုအခါမှာ အကဲဖြတ် စိစစ်ဆင်ခြင်နိုင်စွမ်းရှိသူတွေ ဖြစ်သင့်ပါပြီ။
ကောလာဟလဟူသည် မိမိအတွက်ကောအများကိုပါ အန္တရာယ်ပေးပါတယ်။ လူ့အဖွဲ့အစည်းမှာ မငြိမ်သက်မှုတွေ ဖြစ်စေပါတယ်၊ မတည်ငြိမ်မှုကိုလိုလားသူတွေက ဒီလိုကောလဟာလတွေကို ဖန်တီးတတ်သူတွေပါ။ ဒါပေမဲ့လည်း မှန်မှန်ကန်ကန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဆင်ခြင်မှုအပေါ် လွှမ်းမိုးသွားတာက လူတွေရဲ့လောဘပါပဲ။ မရှိတဲ့သူ ကလည်းရှိချင်လို့၊ ရှိပြီးသားလူကလည်း ထပ်ရှိချင်လို့ ထပ်ရချင်လို့ စသဖြင့် ဒီစက်ကွင်းကကို မလွတ်နိုင်ကြပါဘူး။ တစ်ခုပဲ ပြောချင်တာရှိပါတယ်၊ ရှင်သန်ဆဲကာလတစ်လျှောက် အကျပ်အတည်းတွေ ပဋိပက္ခတွေဆိုတာ အမြဲကြုံတွေ့ နေမယ့်အရာတွေပါ။ ယခုလို အားလုံးက မပြည့်မစုံဖြစ်နေကြတဲ့ကာလမျိုးမှာ အခက်အခဲရှိသူအချင်းချင်း ကိုယ်ချင်းစာ တရားထားပြီး လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းနိုင်ကြဖို့သာ ရည်ရွယ်လိုက်ရပါသည်။
မိုးမြင့်