နေပြည်တော် ဒီဇင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ခရိုင်တာဝန်ခံနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ အထူးမွန်းမံသင်တန်း သင်တန်း အမှတ်စဉ် (၃/၂၀၂၃-၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၁၁)ရက် နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ် (၅၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နိုင်ငံတော်၏ လယ်ယာစီးပွားကဏ္ဍတိုးတက် မြင့်မားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေပေးဝေရာတွင် ရေကိုတန်ဘိုးရှိစွာ အသုံးချရေးအလေအလွင့် နည်းပါးစေရန် နှင့် ရေစီမံခန့်ခွဲမှုကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်နှင့် သီးထပ် စွမ်းအားများ တိုးတက်၍ သုံးသီးစိုက်ပျိုးနိုင်ရေး အလေးထား ကြိုးစားဆောင်ရွက်သွားကြရန် လိုကြောင်းပြောကြားသည်။
ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ညွှန်ကြားရေးမှူး ဒေါ်ယုယုလှိုင် က သင်တန်းနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြ သည်။
သင်တန်းသို့ (၄၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလ (၆)ရက်ကြာမည့် အဆိုပါသင်တန်းတွင် ဌာနက ဆောင်ရွက်လျက်ရှိသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေခြင်း၊ ရေသောက် စနစ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ မြေအောက်ရေစီမံခန့်ခွဲခြင်း၊ သိုလှောင်ရုံထိန်းသိမ်းခြင်း၊ ဘာသာရပ်များ သင်ကြားပို့ချမည့် အပြင် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ဘာသာရပ်များကို လည်း သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း၊ အလားတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ EIA/ SIA ၊ RTA & Performance Audit ဘာသာရပ်များကိုလည်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)