နေပြည်တော် ဒီဇင်ဘာ ၁၂

 

အားကစားကွင်းနှင့် အားကစားရုံများရေရှည်တည်တံ့ရေး၊ ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီတွင်  ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အားကစားကွင်းနှင့်အားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသပ်ရပ်မှုရှိရေး၊ စိမ်းလန်းစိုပြေရေး၊ လူငယ်များ စိတ်ချမ်းမြေ့စွာကစားနိုင်‌ရေး မှာကြားကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

 

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ ခရိုင်အားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး စိတ်ချမ်း‌မြေ့စွာကစားနိုင်‌ရေး ပုံမှန်သန့်ရှင်းမှုဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ရေး ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မအူပင်ခရိုင်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်ချက်၊ အခက်အခဲ များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဘတ်စကက်ဘောကွင်းကို ကြည့်ရှုစစ်ဆေးကာ အမိုးပါတစ်ထပ်ပွဲ ကြည့်စင်တည်ဆောက်နိုင်ရေး မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၅)ကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့ သည့် မြန်မာ့လက်ရွေးစင် ဘတ်စကက်ဘောအားကစားသမားဟောင်း အသက်(၈၅)နှစ်ရှိ ဒေါ်ရှုဟိန်၏ နေအိမ်သို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြားကာ ငွေကျပ်(၁)သိန်း ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မအူပင်မြို့နယ် အားကစားကွင်းနှင့် ကျိုက်လတ်မြို့နယ် အားကစားကွင်း၊ အားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် အားကစားအထောက်အကူပြု ပစ္စည်းများထောက်ပံ့‌ပေး အပ်ကာ လိုအပ်သည်များမှာကြားပြီး ၎င်းတို့၏အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)