နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မင်းဘူးမြို့၊ မန်းရေနံမြေ အိမ်ယာ၌ တရားမဝင် ရေနံစိမ်း (၂၅)ဂါလန်နှင့် Kenbo 110 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၅,၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ မကွေးမြို့၊ မြို့မ အိုးဘိုရပ်ကွက်၊ ဧရာဝတီတံတားအနီး၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖြစ်သည့် Turbo 125 (၁)စီး၊ YHJJ 125 (၁)စီးနှင့် New Sumbo 125 (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၇၅,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် ဒီဇင်ဘာ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလန် (၇၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂/၂)အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၁၂၉)တန်၊ အခြားသစ် (၅ဒသမ၉၅၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၆၅,၅၅၀)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသည့် Nissan UD မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၆၆၅,၅၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၉၆၆,၅၂၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)