ရန်ကုန် ဒီဇင်ဘာ ၁၂
မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာငြိမ်းချမ်း ရေးနေ့ Belt and Road အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်နှင့် ၁၆ရက် တို့တွင် ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်၌ ဆီမီးတစ်သောင်းထွန်းညှိပူဇော်ခြင်းနှင့် ဆွမ်းကပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Wyndham Hotel (Yangon)၌ ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
အပြည်ပြည်ဆိုင်ရာကမ္ဘာငြိမ်းချမ်းရေးနေ့ ကို ဂုဏ်ပြုသည့်အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် သက်ဆိုင်သည့် နိုင်ငံများတွင် နှစ်စဉ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ယခုနှစ်မှစတင်၍ ကျင်းပခြင်း ဖြစ်သည်။
“ကျွန်မတို့ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းက အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး Belt and Road နေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၁၆ရက်မှာ (၁၀) နှစ်ပြည့် ဆုတောင်းပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးထွန်း၊ ဆွမ်းကပ်တရားနာ ဆုတောင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ရက် ညနေပိုင်းမှာက ရွှေတိဂုံ စေတီတော်မှာ ဆီမီးတစ်သောင်းထွန်းညှိပူဇော်မှာဖြစ်တဲ့အတွက် မည်သူမဆို ပါဝင်ဆင်နွှဲ နိုင်ပါတယ်။ ကျွန်မတို့အသင်းက မြန်မာ့ယဉ်ကျေးမှုအနုပညာကို နိုင်ငံတကာက သိအောင် ညီအစ်ကိုမောင်နှမအားလုံးပူးပေါင်းပြီး အတူတူလုပ်ဆောင်သွားမှာပါဟု” မြန်မာ့အနု ပညာနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူက ပြောသည်။
စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူ၊ မြန်မာနိုင်ငံ ဗုဒ္ဓကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်း၊ အကယ်ဒမီဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ အပြည်ပြည် ဆိုင်ရာ Belt and Road ဥက္ကဋ္ဌ Mr. Chen Entian နှင့် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းစိုးတို့က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အမှတ်တရ စကားများပြောကြားကြသည်။
အဆိုပါ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းကို ၂၀၁၉-၂၀၂၀ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တိုင်းရင်းသားပေါင်းစုံက ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ မပျောက်ပျက်စေရန်၊ မြန်မာ့အနုပညာယဉ်ကျေးမှု တိုးတက်မြှင့်တင်ရန်၊ နိုင်ငံတကာမှ မြန်မာ့အနုပညာ ယဉ်ကျေးမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ မြန်မာ့အနုပညာယဉ်ကျေးမှုကို နိုင်ငံတကာကသိစေရန် တည်ထောင်ခြင်း ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)