ရန်ကုန်ဒီဇင်ဘာ၁၂
မလေးရှား နိုင်ငံ ပီနန်မြို့တွင် ဒီဇင်ဘာ၉ရက်မှ ၁၀ရက်အထိ ကျင်းပသော PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအားကစားအဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မလေးရှားနိုင်ငံ ပီနန်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းနှင့်ဒုတိယဥက္ကဌများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆွေမျိုးများက ပန်းစည်းများ၊ အိုးစည် ဒိုးပတ်များဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ဝမ်းပန်းတသာကြိုဆိုကြသည်။
အဆိုပါပြိုင်ပွဲတွင် မလေးရှားကလပ်အသင်း(၁၀)သင်း ၊ အင်ဒိုနီးရှားကလပ် အသင်း (၂)သင်း၊ ထိုင်းနိုင်ငံ အခြေစိုက် ပြင်သစ်ကလပ်အသင်း ၊ စင်ကာပူအသင်း၊ ဘရူနိုင်းအသင်း၊ မြန်မာအသင်းတို့ စုစုပေါင်း(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ အသင်းမှ (-၂၈)ကီလိုတန်း၊ (-၃၂)ကီလိုတန်း၊ (-၇၃)ကီလိုတန်း၊ (-၆၆)ကီလို တန်း၊ (-၂၄) ကီလိုတန်း၊ (-၉၀)ကီလိုတန်း၊ (-၅၇)ကီလိုတန်း၊(-၅၀) ကီလိုတန်းနှင့်(-၆၀)ကီလို တန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (-၂၈)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇေထက် က ရွှေတံဆိပ် (၁)ခု၊ (-၃၂)ကီလိုတန်းပြိုင်ပွဲတွင် နှင်းဦးဝတ်ရည် က ရွှေတံဆိပ်(၁)ခု၊ (-၇၃) ကီလိုတန်း ပြိုင်ပွဲတွင် ကျော်ခန့်စိုး က ရွှေတံဆိပ်(၁)ခု၊ (-၆၆)ကီလို တန်းပြိုင် ပွဲတွင် ထက်အောင် က ရွှေတံဆိပ်(၁)ခု၊ (-၂၄)ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းပြည့်ချမ်း သာထွန်း က ငွေတံဆိပ်(၁)ခု၊ (-၉၀)ကီလိုတန်း ပြိုင်ပွဲတွင် အောင်ဝေဖြိုး က ငွေတံဆိပ်(၁) ခု၊ (-၅၇) ကီလိုတန်းပြိုင်ပွဲတွင် ငွေပုံချစ်က ကြေးတံဆိပ်(၁)ခုနှင့် (-၅၀)ကီလိုတန်းပြိုင်ပွဲတွင် ခိုင်ခန့် က ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)