ရန်ကုန်  ဒီဇင်ဘာ ၁၂

 

ယခုဆောင်းရာသီတွင် အင်းလေးကန်ရမ်ဆာရပ်ဝန်းဒေသသို့ ဆောင်းခိုငှက် မျိုးစိတ်(၃၄)မျိုး ဝင်‌ရောက် ကျက်စားလျက်ရှိရာ ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိတ်ငါးမျိုး ပါဝင်နေကြောင်း သိရသည်။

 

အင်းလေးကန်သို့ ဇင်ယော်ငှက်မျိုးစိတ်နှစ်မျိုး၊ ရေကြက်ဒုံ၊ ဘဲပို့ချပ်နှင့် ဘဲစကပ် စသည့် ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်မျိုးစိတ်ငါးမျိုး ဝင်ရောက်ကျက်စားလျက်ရှိပြီး စားကျက်နေရာရှစ်နေရာတွင် ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ သို့ ဆောင်းခိုငှက်များ နှစ်စဉ် အောက်တိုဘာလမှစ၍ ဝင်ရောက်လေ့ရှိပြီး ဆိုက်ဘေး ရီးယားဒေသမှ ဆောင်းခိုငှက်များသည် အင်းလေးကန်သို့လည်းကောင်း၊ တရုတ်နှင့် ရုရှားမှဆောင်းခိုငှက်များသည် အင်းတော်ကြီးကန်သို့ လည်းကောင်း  အများဆုံးဝင်ရောက် လေ့ရှိ၍  ဧပြီလတွင် ပြန်လည်ထွက်ခွာလေ့ရှိကြောင်းသိရသည်။

 

ဆောင်းခိုငှက်များသည် ကမ္ဘာ့မြောက်ခြမ်းရေခဲဖုံးလွှမ်းရာဒေသမှ မိုင်ထောင်ချီပျံ သန်း၍ နှစ်စဉ်နား ခိုရာဒေသများသို့ ပျံသန်းဝင်‌ရောက်လေ့ရှိပြီး ကမ္ဘာ့တောင်ဘက် ခြမ်းဒေသ ဆောင်းရာသီကုန်ဆုံးချိန်၌ မူရင်းဒေသများသို့ ပြန်လည်ထွက်ခွာပျံသန်းကြလေ့ရှိကာ အဆိုပါလမ်းခရီးတွင် မျိုးသုန်းရန် အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ဆောင်းခိုငှက်များအပါအဝင် အခြားသောငှက်များ ထိခိုက်သေဆုံးခြင်း၊ သဘာဝဘေး အန္တရာယ် ကြုံတွေ့ခြင်းနှင့် လူတို့၏ ပယောကြောင့် မူရင်းဒေသသို့ ကောင်ရေအပြည့်အဝ ပြန်မ ရောက်နိုင်သောအခြေအနေကို နှစ်စဉ်ကြုံတွေ့ရလျက်ရှိသည်။ တစ်နှစ်ထက် တစ်နှစ်ကမ္ဘာ့ ရှားပါးဆောင်းခိုငှက်များ လျော့နည်းလာမှုကို ကာကွယ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ ရမ်ဆာရပ်ဝန်းဒေသများသို့ ဝင်ရောက်လာသော ဆောင်းခိုငှက်များအား တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ဝန်ထမ်းများက မှတ်တမ်းယူစာရင်းပြုစု၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို  နှစ်စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

“အင်းလေးကန်မှာ ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိတ်ခြောက်မျိုး ဝင်‌ရောက်နေပါပြီ။ ကမ္ဘာမှာမျိုးသုန်းဖို့ အန္တရာယ်ရှိနေတဲ့ ဘဲပို့ချပ်မျိုးစိတ် အနည်းငယ်လည်းတွေ့နေရပါတယ်။ မနှစ်ကသုံးကောင်ပဲ တွေ့ရပြီး တော့ ဒီနှစ်ဆောင်းဦးအစမှာ နှစ်ကောင်တွေ့ရပါတယ်။ ကမ္ဘာမှာမျိုးသုန်းဖို့ရင်ဆိုင်နေရတဲ့ ငှက်မျိုးစိတ် တွေ ဝင်ရောက်ကျက်စားတာဟာ နိုင်ငံအတွက်ဂူဏ်ယူစရာပါ။ နိုင်ငံခြားသားငှက်ကြည့်ဝါသနာရှင်တွေ အထူးစိတ်ဝင်စားတဲ့ ငှက်မျိုးစိတ်တွေလည်းဖြစ်ပါတယ်။ ကြိုးကြာခေါင်းနီဆိုရင် လွန်ခဲ့တဲ့(၁၀)နှစ် ကျော်က (၁၅)ကောင်နီးပါးဝင်ရောက်ခဲ့တယ်။ မနှစ်ကဆိုရင် နှစ်ကောင်ပဲ တွေ့ရတယ်။ ဘဲပို့ချပ်ဆိုရင်လည်း လွန်ခဲ့တဲ့နှစ် အနည်းငယ်က (၁၀)ကောင်ကနေ အခုဆိုရင်အနည်းငယ်ပဲ တွေ့ရတော့ တယ်။ အင်းလေးကန်က ဒီနှစ်ရေပြည့်နေတော့ ဆောင်းခိုငှက်ဝင်တာနည်းနေပါ သေးတယ်။ နောက်ပိုင်းပိုပြီးများလာမှာပါ။ ဆောင်းခိုငှက်ထိန်းသိမ်း စောင့်ရှောက်ရေးကို နှစ်စဉ်မပြတ် ဆောင်ရွက်နေပါတယ်။ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှုအဖြစ် မြန်မာနိုင်ငံမှာ ကမ္ဘာ့ရှားပါးမျိုးစိတ် ဝင်‌ရောက်ကျက်စားမှုဟာ နိုင်ငံတန်ဖိုးမြှင့်ဂုဏ်တက်စေပါတယ်”ဟု အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ပြောသည်။

 

ကမ္ဘာ့မြောက်ခြမ်းဆောင်းရာသီကို ရှောင်ရှားရန် ကမ္ဘာ့တောင်ခြမ်းဒေသများသို့ ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းကြီး ကိုးခုဖြစ်သော အရှေ့အတ္တလန္တိတ် ပျံသန်းရာလမ်းကြောင်း၊ ပင်လယ်နက်- မြေထဲပင်လယ် ပျံသန်းရာလမ်းကြောင်း၊ မစ္စစ္စပီ-အမေရိက ပျံသန်းရာလမ်းကြောင်း၊ အတ္တလန္တိတ်-အမေရိက ပျံသန်းရာလမ်းကြောင်း၊   ပစိဖိတ်-အမေရိက ပျံသန်းရာလမ်းကြောင်း၊ အနောက်ပစိဖိတ် ပျံသန်းရာလမ်းကြောင်း၊ အရှေ့အာရှ-ဩစတြေးလျ ပျံသန်းရာလမ်းကြောင်း၊ အာရှအလယ်ပိုင်း ပျံသန်းရာ လမ်းကြောင်းနှင့် အနောက်အာရှ-အရှေ့အာဖရိက ပျံသန်းရာ လမ်းကြောင်းတို့မှ  ဆောင်းခို ငှက်များ ဝင်ရောက်ကြလေ့ရှိသည်။ မြန်မာနိုင်ငံသို့ အရှေ့အာရှ-ဩစတြေးလျ ပျံသန်းရာလမ်းကြောင်း နှင့် အာရှအလယ်ပိုင်း ပျံသန်းရာလမ်းကြောင်းတို့မှ နှစ်စဉ်ဆောင်းခိုငှက်မျိုးစိတ်ပေါင်း  ၃၀၀  ကျော် လာရောက်ကျက်စားလေ့ရှိသည်။ ဘဲပို့ချပ်မျိုး စိတ်နည်းတူ ရေညှောင့်နှုတ်ဝိုင်းငှက်သည် ကမ္ဘာပေါ်တွင်  အကောင်ရေ  ၅၀၀ ခန့်သာကျန်ရှိပြီး နှစ်အနည်းငယ်အတွင်း မျိုးသုဉ်းမည့်အန္တရာယ် ရင်ဆိုင်ရဖွယ် ရှိကြောင်း ငှက်ကြည့်ဝါသနာရှင်များက ခန့်မှန်းသုံးသပ်ထားသည်။  

 

ကမ္ဘာပေါ်ရှိငှက်များအား ဌာနေငှက်မျိုးစိတ်များ၊ ဒေသတွင်းရာသီအလိုက်ရွှေ့ ပြောင်းငှက်များ၊ ရာသီအလိုက် ရွှေ့ပြောင်းငှက်များနှင့် ဆောင်းခိုငှက်များဟု အုပ်စုလေး မျိုးခွဲခြားထားပြီး ကမ္ဘာပေါ်ရှိ ငှက် မျိုးစိတ်စုစုပေါင်း ၁၈၀၀၀ ခန့်တွင် မြန်မာနိုင်ငံ၌ ငှက်မျိုးစိတ် ၁၁၃၆  မျိုးရှင်သန်လျက်ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်း ရေးအသင်း(BANCA)မှ သိရသည်။ ယင်းငှက်မျိုးစိတ်များသည် ကမ္ဘာ့နေရာ ဒေသ အနှံ့အပြားတွင် မျိုးစိတ်အလိုက် သင့်လျော်သောဒေသများသို့ ပျံ့နှံ့နေထိုင်ကျက် စားလျက် ရှိပြီး ငှက်မျိုးစိတ်ပေါင်း ၃၀၀၀ ခန့်သည် ရာသီအလိုက် နေရာဒေသပြောင်းရွှေ့နေ ထိုင်လေ့ရှိကြောင်းသိရသည်။

 

အင်းလေးကန်ဘေးမဲ့တော ဧရိယာတွင် အရေးကြီးငှက်မျိုးစိတ်(၁၄)မျိုး သတ်မှတ်ထားပြီး နိုဝင်ဘာလ ကုန်ပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်း၌ သစ်တောငှက်မျိုးစိတ် ၉၅ မျိူး (၆၇၇၃ ကောင်)၊ ရေပျော် ငှက်မျိုးစိတ် ၄၂ မျိုး(၉၉၃၈ ကောင်)နှင့် ဆောင်းခိုငှက်မျိုးစိတ် ၃၄ မျိုး( ၄၂၃၆ ကောင်)တို့ ကျက်စား လျက်ရှိကာ ဆောင်းခိုငှက် မျိုးစိတ်ငါးမျိုး ဝင်‌ရောက်ကျက်စားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်၊ အင်းလေးကန်၊ မိုးယွန်းကြီး အင်း၊ မိန်းမလှကျွန်း၊ ပလိပ်အင်း၊ တောင်သမန်အင်း၊ ပြူကန်အင်းနှင့် ဗနောအင်းများသို့ နှစ်စဉ်‌ ဆောင်း ခိုငှက်များ ဝင်‌ရောက်ကျက် စားလျက်ရှိ၍ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ရပ်တည်လျက်ရှိရာ ကမ္ဘာ့ရှား ပါးဆောင်း ခိုငှက်များ ဝင်‌ရောက်ကျက်စားရာနိုင်ငံတစ်ခုအဖြစ် ဂုဏ်တင့်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး                                                                                                           - ညိမ်းသူ(သတင်းစဉ်)