နေပြည်တော် ဒီဇင်ဘာ ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် သက်မှတ်ထားသည့် ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ကစားနေမူများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် ပြိုင်ပွဲဝင်အားကစား မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြည့်ရှုကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံတွင် ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲအပြီးတွင် အမျိုးသမီးအသင်း အလိုက် ပထမဆုကို မွန်၊ ဒုတိယဆုကို ပဲခူး၊ တတိယဆုကို မန္တလေးတို့က ရရှိကြပြီး အမျိုးသား အသင်းလိုက် ပထမဆုကို စစ်ကိုင်း၊ ဒုတိယဆုကို ရန်ကုန်၊ တတိယဆုကို မကွေးတို့က ရရှိကြသည်။ ဆုများကို ကျောင်းသားအားကစားပွဲ တော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ၊ ကျောင်း သားအား ကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဆုချီးမြှင့်ပေးအပ်သည်။
ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံတွင် အမျိုးသား၊ အမျိုးသမီးဘောလီဘော် ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးက ကရင်ကို ၃ပွဲ ပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီက မကွေးကို ၃ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကချင်က မကွေးကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မန္တလေးက ရှမ်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း အနိုင် ရရှိကြသည်။ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တတိယနေရာနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံတွင် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲများကို ဆက်လက် ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့် ကွင်းအမှတ် (၃)တို့တွင် ယနေ့ နံနက် ၇ နာရီမှ စတင်၍ အမျိုးသား၊အမျိုးသမီး ဘောလုံးပွဲစဉ်များကို ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)