ရန်ကုန် ဒီဇင်ဘာ ၁၂
ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များ၌ မိုဘိုင်းဖုန်းမှတဆင့် QR Code ဖြင့်ငွေပေးချေနိုင်မည့်စနစ်စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
သုံးစွဲသူများအနေဖြင့် Google PlayStore တွင် MP yps ဟု ရိုက်ရှာကာ ဒေါင်းလုတ်ရယူပြီးနောက် အပလီကေးရှင်းတွင် ပေးထားချက်များအတိုင်း မှတ်ပုံတင်ကာ ငွေဖြည့်သွင်းပြီးနောက် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရကာ အကြွေ ဆောင်ရမည့် အခက်အခဲလည်းလျော့ပါးသွားမည်ဖြစ်ပြီး ဖုန်းတစ်လုံးရှိရုံဖြင့် အဆင်ပြေမည်ဖြစ်သည်။
"QR Code အသုံးပြုနိုင်မယ့်စနစ်ကို ဒီလကုန်လောက် မှာလုပ်ဖို့ရှိတယ်။ ဒေတာတွေကောက်ယူနေပါတယ်။ ခရီးသည်တွေအနေနဲ့ မိမိရဲ့ဖုန်းမှာ Application ထည့်၊ ငွေထည့်ပြီး YPS ကတ် အစားအသုံးပြုလို့ရပါတယ်"ဟု ဦးလျန်ကျင့်မန်က ဆိုသည်။
လက်ရှိYBS ယာဉ်လိုင်းအချို့တွင် YPS Card စနစ်အသုံးပြုနိုင်မည့် စက်ရှိသော်လည်း စက်ပိတ်ထားကာ ယာဉ်မောင်းက ယာဉ်စီးခ ကောက်ခံမှုများရှိနေသေးကြောင်းလည်း ခရီးသည်များထံက သိရသည်။
"QR Code နဲ့ ငွေပေးချေနိုင်မယ့် စနစ်အသုံးပြုတာက ကောင်းပါတယ်။ အကြွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူး။ ခရီးစရိတ်တွေပိုတောင်းတာတွေလည်း ပျောက်သွားမှာပေါ့။ ဒီစနစ်ကို လက်ခံကြိုဆိုပါတယ်"ဟု ခရီးသည်တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်းYBS ယာဉ်လိုင်း ၁၃၀ ကျော်က YBS အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၅သိန်းကျော်ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
MT