ရန်ကုန် ဒီဇင်ဘာ ၁၃
ထား၀ယ်လူမျိုးစုစည်းမှုကော်မတီ(ရန်ကုန်)က ကြီးမှူးကျင်းပသည့် ဆဌမအကြိမ်မြောက် ထား၀ယ်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ထား၀ယ်အမျိုးသားအလံတို့ကို ထား၀ယ်လူမျိုးစုစည်းမှုကော်မတီမှ တာ၀န်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အလေးပြုကြသည်။
ထို့နောက် ထား၀ယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)နာယက ဆရာတော်ဘဒ္ဒန္တ ဣန္ဒေါဘာသ(ရတနာထား၀ယ်) က သြဝါဒစကား မြွက်ကြားသည်။
ယင်းနောက် ထား၀ယ်အမျိုးသားနေ့အခမ်းအနား ဖြစ်ပေါ်လာပုံနှင့် ကျင်းပရခြင်းအကြောင်းကို ထား၀ယ်တိုင်းရင်းသားလူငယ် နောန်ရှိုင်းလင်းအောင်က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဆဌမအကြိမ်မြောက် ထား၀ယ်အမျိုးသားနေ့ အခမ်းအနားနှင့် စပ်လျဉ်း၍ ဦးကြည်စိန်လေးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ထား၀ယ်သူထား၀ယ်သားများက ထား၀ယ်ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆဌမအကြိမ်မြောက် ထား၀ယ်အမျိုးသားနေ့အခမ်းအနားကို ထား၀ယ်လူမျိုးများ အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာစေရန်၊ ထား၀ယ်လူမျိုးများ ပိုမိုစုစည်းမိလာစေရန်နှင့် စုစည်းရရှိလာသော အင်အားစုဖြင့် ထား၀ယ်တိုင်းရင်းသားအရေးနှင့် ပတ်သက်သော ကိစ္စများကို စုစည်းညီညွှတ်စွာ လုပ်ဆောင်နိုင်ရန်၊ ပုဂ္ဂိုလ်အရေး၊ လူတန်းစားအရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ အမြတ်ထုတ်ခြင်းအလျင်းမပြုဘဲ ထား၀ယ်အမျိုးသားနေ့ကို ထား၀ယ်အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကျင်းပရန်၊ ထား၀ယ်တိုင်းရင်းသား၊ ထား၀ယ်လူမျိုးများအချင်းချင်း ရိုင်းပင်းကူညီလိုသောစိတ်ဓာတ်များ မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်