နေပြည်တော် ဒီဇင်ဘာ ၁၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၁ ရက်တွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော လက်စွပ် (၂၆)ကွင်း၊ ပုတီးဆွဲကြိုး(၁၆)ခု အပါအဝင် လက်ဝတ်ရတနာ(၁၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၅၇၅,၀၀၀) ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၂)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Gano Fresh သွားတိုက်ဆေးဘူး (၆၀၀)၊ Gano Café ကော်ဖီမှုန့် (၂၁၆)ဘူး၊ ဖြည့်စွက်စာ Scotts Cool Liver Oil (၇၈) ကီလိုဂရမ်၊ Cuka Kayu Asli စိုက်ပျိုးရေးသုံးပိုးသတ်ဆေး (၁၂)ကီလိုဂရမ်၊ စားပွဲတင်ပန်ကာ အလုံး(၄၀၀) အပါအဝင် ကုန်ပစ္စည်း (၃၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၀၅၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာ သည့် CHNT 250V 6KA Breaker (၄၂၀၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃,၆၆၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၂၈၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၌ တရားမဝင် အခြားသစ် (၆ ဒသမ ၈၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၈,၇၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၅၂၃,၇၇၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်