နေပြည်တော် ဒီဇင်ဘာ ၁၄

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) ဆွေးနွေးပွဲအမှတ်စဉ်(၃၆)ကို “တိုင်းဒေသကြီးဘဏ္ဍာရန်ပုံ ငွေဖြင့်ဆောင်ရွက်သည့် အရအသုံးမှန်းခြေ ငွေစာရင်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စာ ရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ က Online မှ တက်ရောက်ကြသည်။     

 

ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဉီးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ အနေဖြင့် စစ်ဆေးရေး၊ စီမံခန့်ခွဲရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်နယ်ပယ် ခိုင်မာအားကောင်းစေရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်စေရေးတို့အတွက် အတတ်ပညာပိုင်းဆိုင်ရာများကို လက်တွေ့နှင့် စာတွေ့ပေါင်းစပ်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ အသိပညာမျှဝေ ဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း၊ မိမိတို့၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုတိုးတက်ကောင်းမွန် စေရေး စစ်ဆေးဆောင်ရွက်မှုများတွင် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့်အကြောင်းအရာများကို ဂရုပြုမှတ်သားခြင်း၊ ထပ်မံသိရှိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းတို့ဖြင့် လုပ်ငန်းခွင်တွင် အကျိုးရှိစွာပြန်လည် အသုံးချ ကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က အရအသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေအရ ခွဲဝေချထားသည့် ရန်ပုံငွေများအား ခွဲဝေစီမံခြင်း၊ ပိုလျှံငွေပြန်လည်အပ်နှံခြင်း၊ ဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်း၊ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်း၊ လစဉ် ရငွေနှင့် အသုံးစရိတ်ဆိုင်ရာ စာရင်းများရေးဆွဲခြင်း၊ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများသို့ပေးပို့ခြင်း စသည့် အကြောင်းအရာ များကို အကျယ်တဝင့် ရှင်းလင်းဆွေး‌နွေးသည်။

 

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

(သတင်းစဉ်)