နေပြည်တော် ဇန်နဝါရီ ၁၄

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ယနေ့ မွန်းလွဲ ၃ နာရီတွင် ယှဉ်ပြိုင် ကစားကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်၍ ကြည့်ရှုအားပေးကြသည်။

 

ယနေ့ကျင်းပသည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၇ ဂိုး ၁ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

 

အလားတူ တတိယနေရာလုပွဲကို ယနေ့နံနက်တွင် လယ်ဝေးအားကစား လေ့ကျင့် ရေးစခန်း၌ကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီးက မကွေးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

 

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က လည်းကောင်း၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးဆုတံဆိပ်၊ အထိမ်းအမှတ် တံဆိပ်နှင့် ငွေသားဆုများကို ကျောင်းသား အားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌‌ ဒေါက်တာမိုးဇော်ထွန်းကလည်းကောင်း၊ အမျိုး သမီးဘောလုံး ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား တစ်ဦးဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်နှင့် ငွေသားဆုများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး‌‌ ဒေါက်တာဇော်မြင့်ကလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ် အသင်းအား တစ်ဦးဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်၊ ငွေသားဆု များနှင့် တံခွန်စိုက်ဒိုင်း ဆုဖလားကို ကျောင်းသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။

 

အလားတူ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလီဘော (အမျိုးသား၊အမျိုးသမီး) တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ လည်းကောင်း၊ ဘတ်စကက်ဘောပြိုင်ပွဲ (အမျိုးသား၊အမျိုးသမီး) ဆီမီးဖိုင်နယ်နှင့် တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲစဉ် များကို (c)ရုံ၌လည်းကောင်း  ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

 

အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက ပထမ၊ ပဲခူးတိုင်းဒေသကြီး အသင်းက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တတိယရရှိကြပြီး အမျိုးသားဘတ်စကက်ဘော ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးက ပထမ၊ ရှမ်းပြည်နယ်ကဒုတိယ၊ ပဲခူးတိုင်းဒေသကြီးက တတိယရရှိကြသည်။

 

အမျိုးသမီး ဘော်လီဘောတတိယနေရာလုပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ် အသင်းကို ၃ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက  မန္တလေးတိုင်း ဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသားဘော်လီဘော တတိယနေရာလုပွဲတွင် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲ ၁ပွဲဖြင့် အနိုင်ရရှိကြကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။

 

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား အားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌‌ ဒေါက်တာမိုးဇော်ထွန်း၊ ကျောင်းသား အားကစားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးကျော်စွာသွင်တို့က ဆုများပေးအပ်ချီးမြှင့်ရာ ဆုရရှိသည့် အားကစားမောင်မယ်များက လက်ခံရယူကြသည်။

 

ဒီဇင်ဘာ ၁၅ ရက်(ယနေ့)တွင် အမျိုးသားဘောလုံး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)