ပြည် ဒီဇင်ဘာ ၁၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ သုတေသနနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စာသင်ခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လှည်ကြည့်ရှု အားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဆရာများနှင့် ကျောင်းသားများ ပူးပေါင်းဆောင် ရွက်လျက်ရှိသော သုတေသန ပရော့ဂျက်များ၊ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပဲခူးရေလှောင်တမံဆိုင်ရာ သတင်းအချက်အလက်စနစ်၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီးဆိုင်ရာ သတင်းအချက်အလက်စနစ်၊ ယာဉ်နှင့်ယာဉ်မောင်းလိုင်စင် အွန်လိုင်းဘွတ်ကင်စနစ်၊ Eco Tourism စနစ်၊ ဝန်ထမ်းအိမ်ရာစနစ်၊ အခြေခံပညာကျောင်းများဆိုင်ရာ သတင်းအချက်အလက် စနစ်၊ ဝန်ထမ်းများ၏ လုပ်သက်တွက်ချက်မှုစနစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်း အချက်အလက်စနစ်တို့ကို ရှင်းလင်းပြသရာ ဒုတိယဝန်ကြီးက သုတေသနရလဒ်များကို ပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် MSMEs လုပ်ငန်းရှင်များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ်က ပြည်မြို့ လေးဆူ ဓာတ်ပျော်ရွှေစံတော် စေတီတော်မြတ်ကြီးဆိုင်ရာ Website နှင့် Welcome to Pyay Website တည်ဆောက်ရေးသားပြီးစီးမှု၊ နိုင်ငံတော်ရှိ တန်ခိုးကြီး ဘုရားကြီးများဆိုင်ရာ Pagoda Digital Directory Website တည်ဆောက်ရေးသားနေမှု၊ ကမ္ဘာ့အမွေ အနှစ်ဒေသ သရေခေတ္တရာ မြို့ဟောင်းနှင့် ပြည်ရှိ ထင်ရှားသော ဘုရားစေတီများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် Website နှင့် QR code များ ဆောင်ရွက်ပြီးစီးမှု၊ ကမ္ဘာ့အမွေ အနှစ်ဒေသ ဗိဿနိုးမြို့ဟောင်းနှင့် သမိုင်းဝင်မြောက်ဦး ဒေသများဆိုင်ရာ Website နှင့် QR code များ ဆက်လက်ဆောင်ရွက် နေမှုနှင့် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IT နည်းပညာများ ကို အကျိုးရှိရှိ အသုံးချမှုများ ထိရောက်စွာ မြှင့်တင်ဆောင်ရွက်သွားရန်၊ ရေးဆွဲပြီး Website များနှင့် Application ကို အဆင့်မြှင့်တင်ရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မွမ်းမံသွားရန် မှာ ကြားကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်အတွင်းရှိ အဆောင်များကို လှည်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ တိုင်းကျိုးပြည်ပြု IT နည်းပညာရှင်ကောင်းများဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန်နှင့် ဘာသာရပ်အကျိုးပြု စာတမ်းများ ဖတ်ရှုကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်