ရန်ကုန် ဒီဇင်ဘာ ၁၆

ရခိုင်စာပေနှင့်ယဉ်ကျေမှုအဖွဲ့ (ရန်ကုန်)က ကြီးမှူးကျင်းပသည့် (၄၉)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသား လူမျိုးများရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)  ဥက္ကဋ္ဌ၊ သဘာပတိများ၊ စာတမ်းရှင်များ၊ မွန်၊ ကရင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များနှင့် စာပေ ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယ၀န်ကြီး ဦးဇော်အေးမောင် နှင့် ဒေါ်နုမြဇံ တို့က ဂုဏ်ပြုအမှာစကား ပြောကြားကြပြီး ရခိုင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်က အမှာစကား ပြောကြားသည်။

ထို့နောက် ဦးဌေး၀င်း (ဌေးဝေ-ကျောက်ဖြူ)က “ရခိုင်အမည်၏ မူလဇာစ်မြစ် လေ့လာချက်” စာတမ်း၊ ဦးမောင်ကျော့ (မောင်မောင်ကျော့-ပလက်၀)က “ရခိုင် ဝေသာလီခေတ် ကိန်းဂဏန်းများ အရေးအသားကို ရှာဖွေတင်ပြခြင်း” စာတမ်း၊ ဦးမောင်ဖြူ (မောင်ဖြူ-ကြွီတဲကျွန်း)က “အမိအဖအား ရည်စူး၍ စကားအစ ရခိုင်ဝေသာလီက” စာတမ်းတို့ကို ဖတ်ကြားကြရာ သဘာပတိများက စာတမ်းရှင်များ၏ စာတမ်းများကို သုံးသပ်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယ၀န်ကြီး ဦးဇော်အေးမောင် က သဘာပတိများ၊ စာတမ်းရှင်များနှင့် ကူညီပံ့ပိုးပေးကြသူများကို ဂုဏ်ပြုလွှာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်