နေပြည်တော် ဒီဇင်ဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ရှမ်းပြည် နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း သမဝါယမလုပ်ငန်း များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာ၌ “ခမ်း”ရတနာနွားမွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်း၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ခြံလှောင်စနစ်ဖြင့် ဒေသနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်းများ ဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန်မှာကြားကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် ထားသည့် ခြံလှောင်စနစ်ဖြင့် စုပေါင်းနွားမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိုက်တီး-နောင်ဘိုလမ်း မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်း ခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုနား ကျေးရွာ၌ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာရေပေးရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဆရာ၊ဆရာမများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ကြရန်မှာကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဟိုပုံးမြို့နယ်၊ ဟိုဟွေးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ Green Gold ကော်ဖီ စိုက်ပျိုးရေး နှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် အမှုဆောင်များ၊ အသင်းသားများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းသားများနှင့် ကော်ဖီ စိုက်တောင်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို အတတ်နိုင်ဆုံးကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်သူများအတွက် အကျိုးရှိအောင် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်းရှိ ကော်ဖီစိုက်တောင်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်