နေပြည်တော်၊ ဒီဇင်ဘာ ၁၇

 

ပြန်ကြား‌ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) သို့ သွားရောက်၍ ပြခန်းများ ခင်းကျင်းပြင်ဆင်ထားရှိမှုနှင့် ဖွင့်ပွဲအခမ်းအနား ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့သည်။

 

ကြည့်ရှုအားပေး

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) တွင် လူငယ်နှင့် စာပေအနုပညာပွဲတော် ဖွင့်ပွဲ အခမ်းအနားအတွက် ဇာတ်တိုက်လေ့ကျင့်နေသော ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးရုံးမှ ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြခန်းများခင်းကျင်း ဆောင်ရွက်နေမှုနှင့် တိုင်းရင်းသား ရိုးရာအစားအစာ အ‌ရောင်းဆိုင်များကို ကြည့်ရှု၍ ပွဲတော်သို့ လာ‌ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ပြည်သူများ အဆင်ပြေစွာလေ့လာ ကြည့်ရှုနိုင်ရေးနှင့် နေ့အလိုက် ဖျော်ဖြေ‌ရေး အစီအစဉ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များ စနစ်တကျဆောင်ရွက်ရေးကိစ္စများကို မှာကြားသည်။

 

အဆိုပါ လူငယ်နှင့် စာပေ အနုပညာပွဲတော်သည် (၇၆) နှစ်မြောက် လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စီစဉ် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ဝန်ကြီးဌာန ၁၅ ခုမှ ပြခန်းပေါင်း ၆၂ ခန်း ခင်းကျင်းပြသမည်ဖြစ်ပြီး ဖျော်ဖြေ‌ရေး အစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲ များ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ စီစဉ်ထားရှိကာ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲ အထိ မည်သူမဆို အခမဲ့ဝင်ရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်