စိုးသူရ

 

ကမ္ဘာ့နိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကြိုးပမ်းမှုအဖြစ် (၂၈) ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးညီလာခံကို  အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့တွင် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ အောင်မြင်စွာ  ကျင်းပခဲ့ကြောင်း  သိရသည်။

 

ယင်းညီလာခံတွင် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုမှပြောင်းလဲကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို  ပြောင်းလဲအသုံးပြုရေး ဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံ

များ အကြားသဘောတူညီခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ယမန်နှစ် ထူးခြားရာသီဥတုဖြစ်စဉ်များအဖြစ် မိုးခေါင်ရေရှားခြင်း၊ ရေကြီးရေလျှံခြင်းနှင့် အပူချိန် မြင့်တက်ခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးပညာရှင်များ၏ ပြောကြားချက်အရ ကမ္ဘာ မြေကြီးပူနွေးမှုသည် ပျမ်းမျှအားဖြင့် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ပါက လူမှုအသိုက်အဝန်းနှင့် ဂေဟဗေဒစနစ်အပေါ် ထိခိုက်နိုင်ပြီး ရာသီဥတုပြောင်းလဲမှုများ အဆက်မပြတ်ဖြစ်လာ နိုင်ကြောင်းသိရသည်။

 

(၂၈)ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာမြေပေါ်တွင် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များဖြစ်ပွားခြင်းမှ ကာကွယ်ရေး အတွက် ပျမ်းမျှကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိသာ လျှော့ချထားရှိနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ၎င်းရည်မှန်းချက် ကို ၂၀၁၅ ခုနှစ်တွင် ပါရီရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးညီလာခံ၌ နိုင်ငံပေါင်း ၁၉၅ နိုင်ငံက သဘောတူညီခဲ့သည်။  ကမ္ဘာ့နိုင်ငံများသည် ထိုရည်ရွယ်ချက် အောင်မြင်ရေးအတွက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ဆောင်ရွက်ရန် လိုအပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံကဲ့သို့သော ရုပ်ကြွင်းလောင်စာထုတ်လုပ်မှုကို လျှော့ချရမည်ဖြစ်ပြီး ယင်းနေရာတွင် လေစွမ်းအင်နှင့် ဆိုလာစနစ်တို့ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းကဲ့သို့သော နည်းလမ်း များကို အစားထိုး ဆောင်ရွက်ရမည်ဖြစ်သည်။ ကမ္ဘာနိုင်ငံများက ယခုအချိန်တွင် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံများကို ပမာဏများပြားစွာ ထုတ်လုပ်ရန်ကြိုးပမ်းနေမှုသည် ကမ္ဘာ့ပျမ်းမျှ အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထိသာ ကန့်သတ်ရေးမျှော်မှန်းချက်ကို နှောင့်နှေးစေမည်ဖြစ်ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အပါအဝင် တာဝန်ရှိသူများက သတိပေးပြောကြားခဲ့သည်။

 

“ရုပ်ကြွင်းလောင်စာ သုံးစွဲမှုလျှော့ချရေး ဆန့်ကျင်သူများကို မိမိပြောချင်တာကတော့ ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လျှော့ချရမှာဖြစ်ပြီး ဒီလုပ်ငန်းကို အချိန်မနှောင်းခင် ဆောင်ရွက်ရမှာဖြစ်တယ်”ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ၎င်းညီလာခံတွင် ပြောကြားခဲ့သည်။

 

ယခုညီလာခံတွင် တက်ရောက်လာကြသည့် နိုင်ငံများအကြား ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများအား အကူညီပေးရန် ပျက်စီးမှုနှင့်ဆုံးရှုံးမှုဆိုင်ရာ ရန်ပုံငွေကို တည်ထောင်ခဲ့ကြောင်း သိရသည်။

 

ယင်းရန်ပုံငွေ ကနဦးပမာဏကို ကန်ဒေါ်လာ ၄၇၅သန်းလို့ သတ်မှတ်ထားပြီး ယခုညီလာခံလက်ခံ ကျင်းပသည့် အာရပ်စော်ဘွားများ ပြည်ထောင်စုက ကန်ဒေါ်လာ သန်း ၁၀၀၊ ဥရောပသမဂ္ဂက ကန်ဒေါ်လာ ၂၇၅ သန်း၊ အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၁၇ ဒသမ ၅ သန်းနှင့် ဂျပန်နိုင်ငံက ကန်ဒေါ်လာ ၁၀ သန်းတို့ကို ကနဦးအဖြစ် ထည့်ဝင် လှူဒါန်းမည်ဖြစ်သည်။

 

ယခု တည်ထောင်သည့်ရန်ပုံငွေ၏ ရည်မှန်းချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုဘေးဆိုင်ရာနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အခက်အခဲများကို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများပြားသည့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများက ဖြေရှင်းပေးရန် ဖြစ်သည်။ ယခုကဲ့သို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာရန်ပုံငွေကို တည်ထောင်နိုင် ခဲ့သည့်အတွက် ကမကထပြုသည့် နိုင်ငံများအား ဂုဏ်ပြုကြောင်း ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ညီလာခံ သဘာပတိ Emirati Sultan Ahmed al-Jaber က ပြောကြားသည်။

 

နိုင်ငံပေါင်း ၁၁၀ ကလည်း ၂၀၃၀ ပြည့်နှစ် အရောက်တွင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု ပမာဏသုံးဆအထိ မြှင့်တင်ရေးတောင်းဆိုခဲ့ကြကြောင်း ဥရောပကော်မရှင် အကြီးအကဲ ဗွန်ဒါလီယန် က မှတ်ချက်ပြု ပြောကြားခဲ့သည်။

 

ယင်းညီလာခံသို့ တက်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံမှ ကိုယ်စားလှယ်ကလည်း ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကို အမြဲကြုံတွေ့နေရသည့် ဖိလစ်ပိုင်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရမည်ဟု နားလည်လက်ခံထားကြောင်း ပြောကြားသည်။

 

ကမ္ဘာ့နိုင်ငံများမှ တာဝန်ရှိသူများ၏ ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများ အောင်မြင်စေရေးအတွက် ကမ္ဘာ့လူသားတစ်ဦးအနေဖြင့် ဆန္ဒပြုရေးသားလိုက်ပါသည်။

 

ကိုးကား

-NIKKEI ASIA

-UN climate action page