(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) တွင် ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နိုင်ငံတော်အဆင့် ကျင်းပသွားမည် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ နှစ်စဉ်မပျက်မကွက်ကျင်းပလာခဲ့သော အဆိုပါ ညီလာခံကို ၂၀၁၉ ခုနှစ်တွင် အကြိမ် (၂၀) မြောက် ကျင်းပခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဆိုင်းငံ့ထားခဲ့ရာမှ ယမန်နှစ်က (၂၁) ကြိမ်မြောက် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
အထောက်အထားများအရ မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီ၍ တည်ရှိလာခဲ့ခြင်းဖြစ်ပြီး မဇ္ဈိမဒေသခေါ် အိန္ဒိယမှ တိုင်းရင်းဆေးပညာရပ်များ၊ အိမ်နီးချင်းနိုင်ငံတို့မှ ရိုးရာဆေးပညာရပ်များလည်း ပေါင်းစည်းပါဝင်လျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ရိုးရာတိုင်းရင်းဆေး ပညာရပ်များမှာလည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်လျက်ရှိသည်။ မြန်မာ့တိုင်းရင်းဆေးပညာသည် အတိတ်သမိုင်းတစ်လျှောက် မြန်မာပြည်သူတစ်ရပ်လုံး အားကိုးအားထား ပြုခဲ့ကြရသော်လည်း နယ်ချဲ့လက်အောက်ကျရောက်ခဲ့ရပြီးနောက်တွင် အနောက်တိုင်း ဆေးပညာနှင့် ဆရာဝန်များပေါ်ပေါက်လာပြီး မြန်မာ့တိုင်းရင်းဆေးသည် ကျေးလက်ဒေသများတွင်သာ ဆက်လက်ရှင်သန်နေခဲ့ရသည်။ အနောက်တိုင်း ဆေးပညာသည် သုတေသနနှင့် သက်သေအထောက်အထားကို အခြေပြုခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းဆေး ပညာမှာမူ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေပြုထားခြင်းဖြစ်သည်။ အတွေ့အကြုံများပေါ်တွင် အခြေပြုထားခြင်း ဖြစ်သည့်အတွက် သုတေသနနည်းလမ်း၊ နှုန်းစံများနှင့် တိုင်းတာလျှင် စံနှုန်းမညီမှု၊ တိုင်းတာ၍ မခံနိုင်မှုတို့လည်း ရှိနေသည်။ မည်သို့ပင်ဆိုစေ အနောက်တိုင်းဆေးပညာဖြင့် ကုသရန် မတတ်နိုင်သူများ၊ အလှမ်းဝေး နေသူများမှာ တိုင်းရင်းဆေးကိုပင် ခေတ်အဆက်ဆက် အားကိုးအားထားပြုနေကြရဆဲဖြစ်သည်။
တစ်ခါတစ်ရံတွင် အနောက်တိုင်းဆေးပညာဖြင့် ကုသမှု လမ်းဆုံးသွားသူများ၊ ဆေးရုံများက လက်လွှတ်လိုက်သည့် လူနာများ တိုင်းရင်းဆေးဖြင့်ကုသရာမှ ပြန်လည်ကောင်းမွန်လာသည်ကို ရှေးယခင်ကပင် တွေ့ရှိလာခဲ့ကြရာ မြန်မာ့တိုင်းရင်းဆေးပညာများ မပျောက်မပျက်စေရန်နှင့် တိုးတက်ဖွံ့ဖြိုးနိုင်စေရန်အတွက် မြန်မာလူမျိုး အနောက်တိုင်း ဆေးပညာတတ်ဆရာဝန်ကြီးများ၊ မြန်မာတိုင်းရင်းဆေးဆရာကြီးများ ပါဝင်သည့် စုံစမ်းရေးကော်မတီတစ်ရပ်က အင်္ဂလိပ်နယ်ချဲ့အစိုးရထံ အစီရင်ခံစာတင်သွင်းခဲ့သည်။ အစီရင်ခံစာတွင် မြန်မာ့တိုင်းရင်းဆေးပညာဆိုင်ရာ အဖွဲ့အစည်း ဖွဲ့စည်းရေး၊ တိုင်းရင်းဆေးပညာကျောင်းများ၊ ကောလိပ်များဖွင့်လှစ်ရေး၊ သင်ကြားအောင်မြင်သူများကို လက်မှတ်ထုတ်ပေးရေး၊ တိုင်းရင်းဆေးရုံတည်ဆောက်ပေးရေး စသည်ဖြင့် စုံလင်စွာပါဝင်ခဲ့သော်လည်း နယ်ချဲ့အစိုးရက လျစ်လျူရှုခဲ့သည်။ လွတ်လပ်ရေးရပြီးသည့် အခါမှသာ မြန်မာ့တိုင်းရင်းဆေးပညာကို မြန်မာတို့ကိုယ်တိုင် ပြန်လည်နေရာပေး၍ မြှင့်တင်မှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို (က) တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း ပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ (ခ) ဘေးအန္တရာယ်ကင်းရှင်း၍ အရည် အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက် လာစေရန်၊ (ဂ) ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန် အရည်အသွေး ပြည့်ဝသည့် တိုင်းရင်း ဆေးပညာရှင်များ ဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်၊ (ဃ) ပြည်သူလူထု၏ ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန် စသော ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ရာ တက်ရောက်လာကြမည့် အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံးက ရည်ရွယ်ချက်များ နှင့်အညီ ရလဒ်ကောင်းများ ထွက်ပေါ်လာရေး ဝိုင်းဝန်းကြိုးပမ်း အကြံပြုဆွေးနွေးကြမည်ဟု ယုံကြည်ပါကြောင်းနှင့် ညီလာခံ နှင့် နှီးနှောဖလှယ်ပွဲတို့ကို ဂုဏ်ပြုအပ်ပါကြောင်း။
မြန်မာ့အလင်း