ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင်အကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများ တွင် နိုဝင်ဘာလအတွင်း တွေ့ရှိရသည့် ရှားပါးဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော် ငှက်မျိုးစိတ်များ စုစုပေါင်း ၄၇ မျိုး၊ ကောင်ရေ ၁၉၆၁၇ ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အင်းတော်ကြီးအိုင်၌ နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆောင်းခိုငှက် မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ ကျင်လည်ကျက်စားလျက်ရှိကြပြီး ယခုနှစ် နိုဝင် ဘာလအတွင်း စာရင်းကောက်ယူချက်များအရ ဆောင်းခိုရေပျော်ငှက်မျိုးစိတ် ၂၉ မျိုး၊ ကောင်ရေ ၁၂၄၄၇ ကောင်နှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ် ၁၈ မျိုး၊ ကောင်ရေ ၇၁၇၀ စုစုပေါင်းကောင်ရေ ၁၉၆၁၇ ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်းတွေ့ရှိရသည့် ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက် မျိုးစိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကောင်ရေ ၆၈၀ ကျော် ပိုမိုလာရောက်ကျက်စားကြောင်းသိရပြီး ယင်းငှက်မျိုးစိတ်များ အများဆုံး ကျက်စားလေ့ရှိသည့် ငှက်စာရင်းကောက်လမ်းကြောင်းတစ်ခုဖြစ်သော အင်းတော်ချောင်းအတွင်း စက်လှေဖြင့် ငှက်စာရင်းများ ကောက်ယူရာ၌ ငှက်မျိုးစိတ်နှင့် အကောင်ရေများ မှတ်တမ်းတင်ရာတွင် ရေမှော်နှင့်ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများရှိကြောင်း သိရသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ဆောင်းခိုရေပျော်ငှက် မျိုးစိတ်များမှာ အော်ယောငှက် ကောင်ရေ ၂၅၀၊ ဘဲနီစပ် ကောင်ရေ ၇၂၀၊ ပို့ချပ်ဘဲကောင်ရေ ၄၅၀၊ ဘဲဖြူနက် ကောင်ရေ ၃၈၁၀၊ ရေကြက်ဒုံ ကောင်ရေ ၃၉၀၀၊ စင်ရော်ခေါင်းညိုကောင်ရေ ၈၀၀ နှင့် စင်ရော်ခေါင်းမည်း ကောင်ရေ ၅၀၀ တွေ့ရှိစာရင်း ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဆောင်းခိုငှက်မျိုးစိတ်များသည် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလမှစတင်၍ လာရောက်ဆောင်းခိုလေ့ရှိသဖြင့် အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးအနေဖြင့် နှစ်စဉ်အောက်တိုဘာလ ဒုတိယအပတ်တွင် ဆောင်းခိုငှက်များ ကြိုဆိုပွဲအဖြစ် အသိပညာပေး ဟောပြောပွဲများကျင်းပခြင်းနှင့် ဆိုင်းဘုတ်စိုက်ထူခြင်းများ စသည့်လှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အလှဆုံးနှင့် အကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်၍ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးအိုင်လည်းဖြစ်ကာ နို့တိုက်သတ္တဝါမျိုးစိတ် ၄၇ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် ၉၁ မျိုး၊ ငါးမျိုးစိတ် ၉၄မျိုး၊ ရေပျော်ငှက်မျိုးစိတ် ၁၀၅ မျိုး နှင့် သစ်တောငှက်မျိုးစိတ် ၄၀၀ တို့ နေထိုင် ကျက်စားလျက်ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ရွှေမိုးညှင်း၊
ဓာတ်ပုံ-အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး