နေပြည်တော်၊ ဒီဇင်ဘာ ၁၈

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆေးကောင်စီနာယက၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံဆေးကောင်စီသည် ဆရာဝန်များ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ထိန်းကျောင်းရာတွင် အရေးကြီးသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ကုသရေးလုပ်ငန်းများအနေဖြင့် အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသမှု အဖွဲ့များဖြင့် နိုင်ငံအနှံ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး အဆင့်မြင့်ခွဲစိတ် ကုသမှုများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ကုသမှုအထောက်အကူပြု ဝန်ထမ်းများကို နှစ်အလိုက် မွေးထုတ်ပေးလျက်ရှိပြီး Naypyitaw State Academy (Faculty of Medicine) ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ မွေးထုတ်ပေးလိုက်သည့် ဆရာဝန်များသည် နိုင်ငံတော်အပေါ်သစ္စာရှိရှိ၊ ကျင့်ဝတ်ကောင်းမွန်စွာဖြင့်  ပြည်သူလူထုကို ကျန်းမာရေးစောင့်ရောက်မှုပေးနိုင်ရန် ဆေးကောင်စီ အနေဖြင့် ထိန်းကျောင်းရမည် ဖြစ်ကြောင်း ပြောကြား သည်။

 

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီဉက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်အေးက မြန်မာနိုင်ငံ ဆေးကောင်စီအနေဖြင့် ဥပဒေ၊ နည်းဉပေဒေများနှင့်အညီ ဆရာဝန်များ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ထိန်းကျောင်းပေးလျက်ရှိပြီး ဆေးပညာ တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီ အတွင်းရေးမှူး၊ ပါမောက္ခ ဒေါက်တာကြည်ကြည်သင်းက မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (၄/၂၀၂၃)၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို တက်ရောက်လာသည့် ဆေးကောင်စီအဖွဲ့ဝင်များက အတည်ပြု ဆွေးနွေးကြကာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်